Wednesday, December 26, 2012
Thursday, July 26, 2012
ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၁
Labels:
Microeconomics
No comments:
အပြိုင်အဆိုင် ဖြစ်နေတဲ့ ဈေးကွက်စံနစ်မှာ Market Failure ဖြစ်တာ အကြောင်းရင်း (၂) ရပ် ရှိပါတယ်။ (၁) ဈေးကွက် က တချို့သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်၊ ဖြည့်ဆည်းရာမှာ မှားယွင်းတဲ့ ပမာဏ ထုတ်လုပ်ခြင်း (၂) စီးပွားရေးအရ လက်ခံနိုင်တဲ့၊ သင့်တော်တဲ့ အချို့သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်ဖို့ရန် သယံဇာတသွင်းအားစုများ ခွဲဝေပေးမှု လုံးဝ မရှိခြင်း တို့ဘဲ ဖြစ်ပါတယ်။ ပထမ အမျိုးအစား ပျက်ယွင်းမှု ဖြစ်ရခြင်းကတော့ ကုန်စည်တစ်ခုကို ထုတ်လုပ်တဲ့ အခါမှာ အဲဒီကုန်ပစ္စည်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေဟာ တကယ် ဝယ်ယူ သူတွေနဲ့ ရောင်းချသူတွေကို မသက်ရောက်ဘဲနဲ့ အခြားအပြင်လူတွေကို သက်ရောက်ခြင်းကြောင့် ဖြစ်လာတာ ပါ။ ဘောဂဗေဒ ပညာရှင်များက externalities သို့မဟုတ် spillovers လို့ခေါ်ပါတယ်။ ဒုတိယ အမျိုးအစားပျက်ယွင်းခြင်းကတော့ public goods လို့ခေါ်တဲ့ ပြည်သူပိုင် ကုန်ပစ္စည်း တွေကြောင့် ဖြစ်ပါတယ်။ အစိုးရက ဈေးကွက် ပျက်ယွင်းမှု ၂ မျိုးစလုံးကို ဖြေရှင်းဖို့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်….
ပထမ အကြောင်းရင်း
အပြိုင်အဆိုင်ရှိတဲ့ ဈေးကွက်တွေဟာ သယံဇာတ သွင်းအားစု တွေကို သူ့အလိုလို အပိုအလို မရှိ ထိထိရောက်ရောက် အသုံးပြုတယ်လို့ ဆိုကြတဲ့ အခါမှာ ကျွန်မတို့က ဘယ်လို ယူဆထားသလဲ ဆိုရင် ကုန်စည်တစ်ခုစီ အတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အားလုံးကို ဈေးကွက် ဝယ်လိုအား နဲ့ ရောင်းလိုအား မျဉ်းကွေးတွေက ပြည့်ပြည့်ဝဝ ပြဌာန်းထားတယ်လို့ ကျွန်မတို့က ယူဆထား ပါတယ်။ ဈေးကွက်စနစ်မှာ ဝယ်လိုအား နဲ့ ရောင်းလိုအားတွေက သူ့အလိုလို ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အမြဲ မဖြစ်ပါဘူး။ တချို့ ဈေးကွက်တွေမှာ အဲဒီ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးတွေဟာ တိုက်ရိုက်ဝယ်သူ သို့မဟုတ် ရောင်းသူတွေ နဲ့ လွတ်ထွက် သွားကြတယ်။ ကုန်စည်တစ်ခုရဲ့ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး တွေဟာ လက်ငင်း ဝယ်ယူ ရောင်းချသူတွေနဲ့ မဆိုင်ဘဲ အခြားသူအပေါ် ပျံ့နှံ့ ကျရောက် သွားတဲ့အခါ ပြင်ပ အကျိုးဆက် externality ဖြစ်လာပါတယ်။ ဘာလို့ externalityလို့ ခေါ်ရသလဲဆိုရင် ဈေးကွက် အရောင်းအဝယ် လုပ်ဆောင် ချက်ရဲ့ ပြင်ပမှာရှိနေတဲ့ တတိယအုပ်စု third party ဟာ အဲဒီ အကျိုး သို့မဟုတ် အပြစ်တွေကို ဆင့်ကဲ ရရှိသွား လို့ဖြစ်ပါတယ်။ ပြင်ပကို ဖိတ်စင်ပျံ့နှံ့မှု မှာ အနုတ် လက္ခဏာ အကျိုးဆက်နဲ့ အပေါင်းလက္ခဏာ အကျိုးဆက် နှစ်မျိုး ရှိပါတယ်။
(က) အနုတ်လက္ခဏာ ပြင်ပ အကျိုးဆက် Negative Externalities
ပြင်ပအုပ်စု third partyပေါ်မှာ ထိခိုက်သော်လည်း လျော်ကြေးမရှိတဲ့ ထုတ်လုပ်မှု သို့မဟုတ် စားသုံးမှု ရဲ့ ဆိုးကျိုး တွေကို အနုတ်လက္ခဏာ ပြင်ပ အကျိုးဆက် Negative Externalitiesလို့ခေါ်ပါတယ်။ ထုတ်လုပ်သူက ဆိုးကျိုးရဲ့ စရိတ်ကို တာဝန်မယူတာပေါ့။ ဥပမာအားဖြင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုပါ။ ဓာတုပစ္စည်း ထုတ်လုပ်တဲ့စက်ရုံ သို့မဟုတ် အသား ထုတ်ပိုးတဲ့စက်ရုံက အညစ်အကြေးတွေကို ရေကန် သို့မဟုတ် မြစ်ထဲ စွန့်ပစ်လိုက်တဲ့အခါ ရေကူးတဲ့သူတွေ၊ ငါးလုပ်ငန်း လုပ်တဲ့ သူတွေ၊ ငါးမျှားတဲ့သူတွေ၊ အဲဒီရေ ကို သောက်သုံးတဲ့သူတွေဟာ ရေထု ညစ်ညမ်းမှု ပြင်ပဆိုးကျိုးကို ခံစားကြရ ပါတယ်။ ရေနံချက် စက်ရုံတစ်ခုဟာ လေထုကို ညစ်ညမ်းစေတဲ့အခါမှာ၊ စက္ကူစက်ရုံတစ်ခုဟာ အလွန် ဆိုးဝါး ပြင်းထန်တဲ့ အနံ့အသက်ကို ဖန်တီးလိုက်တဲ့အခါမှာ လူ့အဖွဲ့အစည်းဟာ လျော်ကြေး မရှိတဲ့ ပြင်ပ ဆိုးကျိုးကို ခံစားကြရပါတယ်။
စီးပွားရေးအရ အကျိုး သက်ရောက်မှု ကတော့ အဲဒီလုပ်ငန်းရဲ့ ရောင်းလိုအားမျဉ်းကွေး အနေ အထားပါဘဲ။ လုပ်ငန်းရဲ့ ရောင်းလိုအား မျဉ်းကွေး အနေအထားကို လုပ်ငန်းရဲ့ စရိတ်က ဆုံးဖြတ်ပါတယ်။ ရှင်းအောင် ပြောရရင် ကုန်ပစ္စည်းရဲ့ ရောင်းဈေးကို ကုန်ကျစရိတ်က ဆုံးဖြတ်တယ်။ စီးပွားရေးလုပ်ငန်း တစ်ခုက ညစ်ညမ်းမှုကြောင့် ဖြစ်လာတဲ့ စရိတ်စကတွေကို မပေးတဲ့ အခါမှာရှိတဲ့ သူရဲ့ ရောင်းလိုအား မျဉ်းကွေးဟာ ထုတ်လုပ်မှုရဲ့ စရိတ်ကို အပြည့်အဝ ကျခံတဲ့အခါမှာ တည်ရှိတဲ့ ပုံမှန် ရောင်းလိုအား မျဉ်းကွေးထက် ပိုပြီးဝေးတဲ့ ညာဘက်ကို ရောက်သွားပါတယ်။ လုပ်ငန်းက စရိတ်နိမ့်နိမ့်နဲ့ ထုတ်လုပ်နိုင်တော့ ကုန်စည်ရဲ့ဈေးနှုန်းက သိပ်နိမ့်ပြီး ကုန်ထွက်တွေက အများကြီး ဖြစ်သွားပါတယ်။ ဖြစ်သင့်တဲ့ စံအားမျှခြေထက် အများကြီး နိမ့်နေတယ်။ ဈေးကွက် ပျက်ယွင်းမှု ရဲ့ ပုံစံက ဒီကုန်စည်ကို ထုတ်လုပ်ဖို့အတွက် သယံဇာတ သွင်းအားစုတွေကို အများကြီး ပိုပြီး ခွဲဝေထားတဲ့ (overallocation) ပုံစံနဲ့ ဖြစ်ပေါ်လာ ပါတယ်။
အောက်ဖော်ပြပါပုံမှာ negative externalities ကို ကြည့်နိုင်ပါတယ်။
ပုံမှာ ဖြစ်သင့်တဲ့ ဈေးနှုန်းက Ps နဲ့ ထုတ်လုပ်သင့်တဲ့ ပမာဏက Qsဖြစ်ပါတယ်။ ဒါပေမဲ့ စရိတ်နိမ့်နိမ့်နဲ့ ထုတ်လုပ် နိုင် တော့ ဈေးနှုန်းက Ppနဲ့ ထုတ်လုပ်တဲ့ ပမာဏက Qp ဖြစ်နေတာကို တွေ့ရပါတယ်။ Social Costနဲ့ Private Cost ကြားက ခြားနားချက်ဟာ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်..။
အနုတ်လက္ခဏာ ပြင်ပ ဆိုးကျိုး Negative Externalities ကို ဖန်တီးသူတွေနဲ့ ဆိုးကျိုးခံစား ရသူ အုပ်စုများကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။ သို့သော်လဲ Negative Externalities ဟာ ကျယ်ပြန့်သွားရင်တော့ ညှိနှိုင်းမှု တွေဟာ အလကားဖြစ်ပြီး အစိုးရရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ Negative Externalitiesကြောင့်ဖြစ်လာတဲ့ သယံ ဇာတ တွေကို ပိုလျှံခွဲဝေမှုကို ပြင်ဆင်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ နည်းလမ်း ၂ ခုစလုံးက ညစ်ညမ်းမှုကို ဖန်တီးတဲ့ လုပ်ငန်းကို စရိတ်ကျ ခံစေတာ ဘဲ ဖြစ်ပါတယ်။
ရေထု၊ လေထု ညစ်ညမ်းမှု ကိစ္စရပ်တွေမှာ တိုက်ရိုက်အကျဆုံး နည်းလမ်းကတော့ ညစ်ညမ်းမှုကို တားမြစ်ကန့်သတ်တဲ့ ဥပဒေ ထုတ်ပြန်ပြဌာန်းနိုင်ပါတယ်။ အဲဒီ ဥပဒေက ညစ်ညမ်းမှုကို ထုတ်လုပ်သူများကို စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်း တွေအတွက် စရိတ်ကို ပေးချေစေ ပါတယ်။ ဥပမာ အခိုးအငွေ့ လျော့စေတဲ့ ကိရိယာတွေ၊ ရေသန့်စင်ပေးတဲ့ ကိရိယာတွေ တပ်ဆင်ပေးတာ မျိုးပေါ့။ ဒီလို ဥပဒေကြောင်းအရ ထိန်းချုပ်မှု အောက်မှာ ညစ်ညမ်းမှုကို ထုတ်လုပ်တဲ့ လုပ်ငန်းများဟာ ထုတ်လုပ်မှု နဲ့ ဆက်နွယ်တဲ့ စရိတ်စက တွေ အားလုံးကို မဖြစ်မနေ ကျခံ ရပါတယ်။
နောက်တစ်ခါ သိပ်ပြီး တိုက်ရိုက် မကျတဲ့ နည်းလမ်းကတော့ အခွန်အတုပ် ကောက်ခံတာပါဘဲ။ အခွန်ကလဲ လုပ်ငန်းရဲ့ စရိတ်ထဲ ဝင်သွားတော့ ရောင်းဈေးကို ဆုံးဖြတ်တဲ့ အချက်ဘဲ ဖြစ်ပါတယ်။ အစိုးရက ညစ်ညမ်းမှုကို ဖြစ်စေတဲ့ လုပ်ငန်းရဲ့ ထွက်ကုန် တစ်ယူနစ်စီ အပေါ်မှာ သီးသန့် အခွန် စည်းကြပ် ရပါမယ်။ အခွန်ရဲ့ ပမာဏသည် ထွက်ကုန် တစ်ယူနစ်စီကို ထုတ်လုပ်လို့ ဖြစ်ပေါ်လာမဲ့ ပြင်ပ ဆိုးကျိုး ရဲ့ ခန့်မှန်း ငွေတန်ဘိုးနဲ့ အကြမ်းဖျင်းအားဖြင့် တူညီ ရပါမယ်။ ဒီလို ပြုလုပ်တာဟာ သယံဇာတတွေကို ပိုလျှံပြီး ခွဲဝေတာကို ဖယ်ထုတ် ပစ်လိုက်ပြီး လုပ်ငန်းရဲ့ ရောင်းလိုအား မျဉ်းကွေးက ဘယ်ဘက်ကို ပြန် ရွှေ့သွား ပါတယ်။ ဒါကြောင့် အဲဒီ ကုန်စည် ပမာဏကို အများကြီး မထုတ်လုပ် နိုင်တော့ပါဘူး။
(ခ) အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက် Positive Externalities
တစ်ခါတစ်ရံမှာ ပြင်ပ အကျိုးဆက်တွေဟာ အခြားသော ထုတ်လုပ်သူများ သို့မဟုတ် စားသုံးသူများ အတွက် အကျိုး အမြတ်ကဲ့သို့ ထင်ရတတ်ပါတယ်။ ဒီလို တတိယအုပ်စု လူ့အဖွဲ့အစည်း ထံသို့ ကျရောက် လာတဲ့ အလျော်အစား မရှိတဲ့ လွင့်စင်ဖိတ်ကျမှု ကို အပေါင်းလက္ခဏာ ပြင်ပအကျိုးဆက်လို့ ခေါ်ပါတယ်။ အပေါင်း လက္ခဏာ ပြင်ပ အကျိုးဆက် ဖြစ်လာတဲ့ အခါ ကုန်စည် သို့မဟုတ် ဆောင်ရွက်မှုကို စားသုံးမှုကြောင့် ဖြစ်တဲ့ လူ့အဖွဲ့အစည်းက ရတဲ့ အကျိုးအမြတ်သည် တစ်ဦးချင်း ရတဲ့ အကျိုးအမြတ်ထက် သာနေတယ်။
ဥပမာ ဝက်သက်ရောဂါ၊ ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးတာဟာ အဲဒီ ဆေးထိုးခံတဲ့သူ (စားသုံးသူ) ကို တိုက်ရိုက် အကျိုးကျေးဇူး ဖြစ်စေတယ်။ သို့သော် လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက်လဲ ကြီးမား ကျယ်ပြန့်တဲ့ ပြင်ပ အကျိုးကျေးဇူးကို ရရှိစေတယ်။ တခြားသူတွေကို ရောဂါ မကူးစက်စေတဲ့ အပေါင်းလက္ခဏာ အကျိုးဆက် ရရှိစေတယ်။ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုကြောင့် ပိုမို အရည်အသွေး ကောင်းမွန်တဲ့ ဘဝနဲ့ မြင့်မားတဲ့ လူနေမှု အဆင့်အတန်းကို ဖန်တီး ပေးတယ်။ နောက်ထပ် အပေါင်း လက္ခဏာ ပြင်ပ အကျိုးဆက် ဥပမာ တစ်ခုကတော့ ပညာရေးဘဲ ဖြစ်ပါတယ်။ ပညာရေးက တစ်ဦးချင်း တစ်ယောက်ချင်း ကို အကျိုး ဖြစ်စေတယ်။ ယေဘူယျ အားဖြင့် ပညာ ကောင်းကောင်း တတ်တဲ့သူ တွေဟာ ပညာ သိပ်မတတ်တဲ့ သူတွေထက် ဝင်ငွေ ကောင်းကောင်း ရကြတယ်။ ဒါပေမဲ့ ပညာတတ်သူများက ပိုပြီး ကျွမ်းကျင်တဲ့ တော်တဲ့၊ ပိုပြီး ထုတ်လုပ်မှု အားကောင်းတဲ့ လုပ်သား အင်အား ပုံစံမျိုးနဲ့ လူ့အဖွဲ့အစည်းကို အကျိုးအမြတ် အဖြစ် ထောက်ပံ့ပေးပါတယ်။
သို့သော်လည်း ပညာရေးတို့၊ ကျန်းမာရေးတို့လို ကောင်းကျိုးကုန်စည် merit goods တွေရဲ့ အကျိုးကို ခံစားရတဲ့ လူ့အဖွဲ့အစည်းက အဲဒါတွေကို စားသုံးမှုကြောင့် ဘယ်လောက်ထိ ပုဂ္ဂလိကဆိုင်ရာ အကျိုးအမြတ် ရတယ်ဆိုတာ ပြည့်ပြည့်ဝဝ တိတိကျကျ နားမလည် တန်ဘိုး မထားတတ်ကြဘူး။ အဆင့်မြင့် ပညာရေးရဲ့ ကောင်းကျိုးကို မခန့်မှန်းတတ် တဲ့အတွက် (သတင်းအချက်အလက် မရနိုင်မှုကြောင့်) အဆင့်မြင့် ပညာရဖို့ အားထုတ်မှု မပြုလုပ်ကြဘူး။ ပညာဆက် မသင်ကြဘူး။ အဲဒီတော့ ကောင်းကျိုးကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို စားသုံးမှုက နိမ့်ကျနေတယ်။ ဝယ်လိုအား နိမ့်နေတယ်။
အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ ဈေးကွက် ဝယ်လိုအား မျဉ်းကွေးဟာ လူ့အဖွဲ့အစည်းရဲ့ စုစုပေါင်း အကျိုးအမြတ်ကို လျှော့ပြပါတယ်။ ပြင်ပ အကျိုးဆက် ကို ဖြစ်စေတဲ့ ကုန်စည် (ဥပမာ ပညာရေး) ရဲ့ ဝယ်လိုအား မျဉ်းကွေးဟာ တကယ်လို့ ဈေးကွက်ကသာ အကျိုးအမြတ် အားလုံးကို ထည့်တွက် မယ်ဆိုရင် ရှိမဲ့ ပုံမှန် ဝယ်လိုအား မျဉ်းကွေး ထက် ပိုပြီး ဝေးတဲ့ ဘယ်ဘက် မှာ တည်ရှိနေပါတယ်။ စံရှိသင့်တဲ့ ဝယ်လိုအားထက် နိမ့်နေတာပေါ့။ အဲဒီတော့ အဲဒီကုန်စည် (ပညာရေး) ကို ပမာဏ နည်းနည်းဘဲ စားသုံးတဲ့ သဘောပေါ့။ တနည်းအားဖြင့် အဲဒီ ကုန်စည် အတွက် သယံဇာတ သွင်းအားစု ခွဲဝေမှုက နိမ့်နေ၊ နည်းနေတယ် (underallocation) ဒါကြောင့် ဈေးကွက် ပျက်ယွင်းမှု ဖြစ်ရပြန်တယ်။
အောက်ဖော်ပြပါပုံမှာ positive externalities ကို ကြည့်နိုင်ပါတယ်။
ပုံမှာ ဖြစ်သင့်တဲ့ ဈေးနှုန်းက Ps နဲ့ ထုတ်လုပ်သင့်တဲ့ ပမာဏက Qsဖြစ်ပါတယ်။ ဒါပေမဲ့ စားသုံးမှုက နိမ့်ကျနေတော့ ဈေးနှုန်းက Ppနဲ့ ထုတ်လုပ်တဲ့ ပမာဏက Qp ဖြစ်နေတာကို တွေ့ရပါတယ်။ Social Demandနဲ့ Private Demand ကြားက ခြားနားချက်ဟာ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်..။
အစိုးရက အပေါင်းလက္ခဏာ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ သယံဇာတသွင်းအားစု ခွဲဝေမှု နိမ့်ကျခြင်းကို ဘယ်လို ဖြေရှင်းမလဲ။ ဝယ်လိုအားကို တက်လာ စေဖို့အတွက် စားသုံးသူကို အစိုးရက တစိတ်တပိုင်း ပံ့ပိုးမလား၊ သို့မဟုတ် ရောင်းလိုအား တက်လာစေဖို့ ထုတ်လုပ်သူကို အစိုးရက ထောက်ပံ့မလား၊ နောက်ဆုံး အစိုးရကိုယ်တိုင်က အဲဒီ ကုန်စည်ကို ထုတ်လုပ်မလား အဖြေတွေ အများကြီး ရှိတယ်။
စားသုံးသူတွေကို ပံ့ပိုးပေးခြင်း။ အဆင့်မြင့် ပညာရေးအတွက် သွင်းအားစုတွေကို လျှော့ပြီး ခွဲဝေတာ ကို ပြင်ဆင်ရန် အစိုးရက ကျောင်းသားတွေ (စားသုံးသူ) ကို အတိုးနှုန်းနိမ့် ချေးငွေတွေ ပံ့ပိုးပေးခြင်းဖြင့် ကျောင်းသားတွေ အနေနဲ့ ပညာရေးကို ပိုပြီး သင်နိုင်လာတယ်။ အဲဒီ ချေးငွေတွေက အဆင့်မြင့် ပညာရေး အတွက် ဝယ်လိုအားကို တက်လာစေပါတယ်။
ထုတ်လုပ်သူတွေကို ပံ့ပိုးပေးခြင်း။ တချို့ကိစ္စတွေမှာ အစိုးရ အနေနဲ့ ရောင်းချ ထုတ်လုပ်သူ တွေကို ပံ့ပိုးပေးခြင်း ဖြင့် သယံဇာတတွေကို နိမ့်ကျစွာ ခွဲဝေထားတာကို ပြင်ဆင်ဖို့ ပိုပြီး အဆင်ပြေ လွယ်ကူတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အဆင့်မြင့် ပညာရေးအတွက် အစိုးရက ပြည်သူပိုင် ကောလိပ် တက္ကသိုလ် တွေရဲ့ ဘတ်ဂျက်ငွေကို အများကြီး ပံ့ပိုးပေးတာမျိုးပါ။ အဲလို ထောက်ပံ့မှုမျိုးဟာ အဆင့်မြင့် ပညာရေး ထုတ်လုပ်ခြင်း အတွက် ကုန်ကျစရိတ်ကို နိမ့်သွားစေပြီး ရောင်းလိုအား တက်သွားစေပါတယ်။ အဲဒီတော့ သက်သက်သာသာနဲ့ အဆင့်မြင့် ပညာ သင်နိုင်တာပေါ့။ နောက်တစ်ခါ ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ် တွေ ပံ့ပိုးပေးတာ၊ ဆေးရုံတို့၊ ဆေးဝါး သုတေသနလိုမျိုးတွေ ထောက်ပံ့ ပေးတာ မျိုးတွေ ဖြစ်ပါ တယ်။
အစိုးရက ကုန်စည်များ ထုတ်လုပ်ခြင်း။ အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက် သိပ်ကြီးတဲ့ နေရာ မျိုးမှာ ဒီ မူဝါဒက သိပ် သင့်တော်ပါတယ်။ အစိုးရက ငွေကြေး ဖြည့်ဆည်းပေးတာ ဒါမှမဟုတ် အစိုးရ ကိုယ်တိုင် လုပ်ငန်းကို ပိုင်ဆိုင်ပြီး လည်ပတ် ထုတ်လုပ် တာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် စာတိုက်နဲ့ ကြေးနန်း လုပ်ငန်း၊ လေကြောင်း ပျံသန်းရေးဆိုင်ရာ ထိန်းချုပ်မှု စံနစ် လိုမျိုး ဖြစ်ပါတယ်။
ဒုတိယ အကြောင်းရင်းကို ဆက်ပါမည်..။
ကိုးကားစာရင်း
B. Taylor. “Negative Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
B. Taylor. “Positive Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
“Externality.” Wikipedia. The free encyclopedia, 2012. Web. 22 July 2012.
McConnell, Brue, Flynn. Economics: Principles, Problems, and Policies. New York: McGraw_Hill, 2009. Print.
Tejvan Pettinger. “Market Failure.” Economicshelp.org. Tejvan Pettinger, 2012. Web. 22 July 2012.
မိုးမြန်မာ
Tuesday, July 10, 2012
ကာလရှည် ငွေချေးစာချုပ် Bonds: Long-Term Liabilities
Labels:
Finance and Accounting
No comments:
ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ အပြောင်းအလဲတွေကလဲ ဖြစ်နေပြီ ဆိုတော့ ငွေကြေးဈေးကွက် ပေါ်ထွန်း လာဖို့ကို မျှော်လင့်ရင်း Bonds နဲ့ပတ်သက်ပြီး သိတာလေးတွေ ရေးချင်ပါတယ်။ သိပြီး တော်ပြီး တတ်ပြီးသူများအတွက် အသုံးမဝင်ပေမဲ့ မသိသေး မတတ်သေးသူများအတွက်တော့ ကောင်းကောင်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
Bonds ဆိုတာဟာ ကာလရှည် ပေးရန်တာဝန်တစ်ခုပါ။ ဘာကြောင့် အဲလို ပြောရသလဲ ဆိုရင် Bonds တွေဟာ ၁ နှစ် ကာလကို ကျော်လွန်နေလို့ဘဲ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် အစိုးရတွေ၊ ကော်ပိုရေးရှင်းကြီးတွေက ထုတ်ဝေတဲ့ အတိုးပေး ရတဲ့ ကာလရှည် ပေးရန်ရှိ စာချုပ်ဘဲ ဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်တဲ့ အနေနဲ့ Bonds ကို တန်ဖိုး သေးရွက်တန် များ (small denominations) အဖြစ် ထုတ်ဝေလေ့ရှိပါတယ်။ ဥပမာအားဖြင့်- ကျပ် ၁၀,၀၀၀ တန် Bonds ။ ကျပ် ၅ သိန်းဖိုး ရင်းနှီး မြှုပ်နှံချင်ရင် ကျပ် ၁၀,၀၀၀ တန် အရွက် ၅၀ ဝယ်ရတာပေါ့။ Bonds အမျိုးအစားတွေ အများကြီး ရှိပါ တယ်။ secured bonds ၊ unsecured bonds ၊ convertible bonds ၊ callable bonds စသည်ဖြင့်ပေါ့။ အခု အဓိကပြောချင်တာ ကတော့ Bond ကို စတင် ထုတ်ဝေ (issue) လုပ်ချိန်ကနေ Bond သက်တမ်းကုန်ဆုံးချိန်အထိ ဘယ်လို စာရင်းသွင်းမလဲ ဆိုတာဘဲ ဖြစ်ပါတယ်။
Bond certificate မျက်နှာပြင်ပေါ်မှာ ရှိတဲ့ တန်ဘိုးကို အရင်း သို့မဟုတ် face value လို့ခေါ်ပါတယ်။ Bond သက်တမ်း (၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်) စေ့တဲ့အချိန် (maturity date) မှာ ပေးရတဲ့ အရင်းငွေဘဲ ဖြစ်ပါတယ်။ maturity date ဆိုတာကတော့ ထုတ်ဝေသူက ရင်းနှီးမြှုပ်နှံသူကို ပေးရတဲ့ နောက်ဆုံး ပေးချေမှု စေ့ရောက်တဲ့ ရက်စွဲဘဲ ဖြစ်ပါတယ်။ ဥပမာ ၂၀၁၂၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ဝေတဲ့ ကျပ် ၅ သိန်းဘိုး ၁၀ နှစ် Bond သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှာ စေ့ရောက်ပါတယ်။ အဲဒီနေ့မှာ ထုတ်ဝေသူက ရင်းနှီးမြှုပ်နှံသူကို ပေးရန်ကျန်တဲ့ အတိုးနဲ့တကွ face value ကျပ် ၅ သိန်း ကို ပြန်ပေးရမှာ ဖြစ်ပါတယ်။ Bond မျက်နှာပြင်ပေါ်မှာပါတဲ့ အတိုးနှုန်းကို contractual interest rate လို့ခေါ်ပါတယ်။ ဒီအတိုးနှုန်း ကတော့ တစ်နှစ်စာ အတိုးနှုန်း (annual rate) အနေနဲ့ဘဲ ဖော်ပြလေ့ရှိပါတယ်။ coupon rate လို့လဲ ခေါ်ပါတယ်။ ထုံးစံအားဖြင့် Bond ကိုထုတ်ဝေ သူတွေဟာ ၆ လ တစ်ကြိမ် အတိုးပေးရပါတယ်။
ငွေကြေးဈေးကွက် ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေမှာ အစိုးရကဘဲ ဖြစ်ဖြစ်၊ ကော်ပိုရေးရှင်း အဖွဲ့အစည်းကြီးတွေကဘဲ ဖြစ်ဖြစ် Bonds ကို ထုတ်ဝေတဲ့အခါ ရှိတဲ့ Bonds ရဲ့ face value အတိုင်း ဝယ်ယူသူများ (ရင်းနှီးမြှုပ်နှံသူများ) က ပေးမဝယ် ပါဘူး။ Bonds ရဲ့ လက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့သာ ဝယ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေဖောင်းပွမှု (inflation) ကြောင့်ဘဲ ဖြစ်ပါတယ်။ ယနေ့ထုတ်ဝေတဲ့ Bond ရဲ့ face value ကျပ် ၅သိန်းဟာ နောင် ၁၀ နှစ်မှာ ၅ သိန်း တန်ဘိုး မရှိတော့ ပါဘူး။ အဲဒီ လက်ရှိဈေးကွက်တန်ဘိုးကို present value လို့ခေါ်ပါတယ်။ ဒီ present value ဟာ (၁) သက်တမ်းစေ့ချိန်မှာ လက်ခံရရှိမဲ့ အရင်းငွေ (၂) ဒီအရင်းငွေကို ပြန်ရဖို့ အချိန်ကာလအရှည် (၃) ဈေးကွက် အတိုးနှုန်း (Bond မျက်နှာပြင်ပေါ်က အတိုးနှုန်း မဟုတ်ပါ) စတဲ့ အချက်များပေါ် မူတည်နေပါတယ်။ ပြောရရင်တော့ present value ဆိုတာဟာ အနာဂတ်ကာလမှာ ရှိမဲ့ တန်ဘိုးကို တန်ဘိုးလျှော့ပစ်လိုက် တာပါဘဲ။ present value တွက်နည်းကို ဒီနေရာမှာ အသေးစိတ် မပြောတော့ပါ။ Bonds ကို ဘယ်လို စာရင်းရေးသွင်းမလဲဆိုတဲ့ မူလ ရည်ရွယ်ချက်နဲ့ ကွဲလွဲ သွားမှာစိုးလို့ပါ။
Bonds ကို ထုတ်ဝေတဲ့ အခါ Bonds စာမျက်နှာပေါ်က face value အတိုင်း ထုတ်တာ၊ face value ထက် လျှော့ထုတ်တာ (discount)၊ face value ထက် ပိုထုတ်တာ (premium) ဆိုပြီး ၃ မျိုးရှိပါတယ်။ စာချုပ်ပါအတိုးနှုန်း contractural interest rate က ဈေးကွက် အတိုးနှုန်းနဲ့ တူရင် face value နဲ့ ရောင်းတယ်။ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက်အတိုးနှုန်းထက် နိမ့်နေရင် face value ထက်နိမ့်တဲ့ discount နဲ့ရောင်းပါတယ်။ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် face value ထက်မြင့်တဲ့ premium နဲ့ ရောင်းပါတယ်။ အသစ်ထုတ်တဲ့ Bond ဘဲ ဖြစ်ဖြစ်၊ ရှိပြီးသား Bond ဘဲ ဖြစ်ဖြစ်၊ သူ့ရဲ့ ဈေးနှုန်းကို face value ရဲ့ ရာခိုင်နှုန်းနဲ့ ပြလေ့ရှိပါတယ်။ ဥပမာအားဖြင့် face value ကျပ် ၁၀,၀၀၀ တန် Bond ရဲ့ quoted ဈေးနှုန်းက ၉၇ ဆိုရင် (၁၀,၀၀၀ × ၉၇%) အဲဒီ Bond ကို ကျပ် ၉,၇၀၀ နဲ့ရောင်းမှာ ဖြစ်ပါတယ်။ face value အတိုင်း ထုတ်တာဆိုရင် quoted price က ၁၀၀ ပေါ့။
မြန်မာပြည်မှာက ငွေကြေးဈေးကွက် မဖွံ့ဖြိုးသေးတော့ Bonds မျက်နှာပြင်ပေါ်က တန်ဘိုးအတိုင်းဘဲ ရောင်း/ဝယ်ပါ တယ်။ face value နဲ့ဘဲ ထုတ်ဝေတယ်ပေါ့။ တနည်းပြောရရင် စာချုပ်ပါအတိုးနှုန်း နဲ့ ဈေးကွက်အတိုးနှုန်း တူညီတယ် လို့ ယူဆ ထားတာပါ။ လက်တွေ့မှာ ဘယ်တော့မှ အဲလို မဖြစ်ပါဘူး။ ဥပမာ ကြည့်ရအောင်။ ကျပ် ၁၀,၀၀၀ တန် Bonds အရွက် ၁၀၀ ကို စာချုပ်ပါ အတိုးနှုန်း ၁၀%၊ သက်တမ်း ၅ နှစ်၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ၁၀၀ နဲ့ထုတ်တယ်။ (၁၀,၀၀၀×၁၀၀%× ရွက်ရေ ၁၀၀) ဆိုတော့ စုစုပေါင်း တန်ဘိုး ကျပ် ၁,၀၀၀,၀၀၀ ပေါ့။
ပထမဆုံး Bonds တွေကို ရောင်းတဲ့ အခါမှာ ဂျာနယ်စာရင်းရေးသွင်းချက်က ဒီလိုပါ။ ငွေသားတွေ ရလိုက် တယ်။ ပေးရန်တာဝန် တက်သွားတယ်။
Bonds သက်တမ်းတစ်လျှောက်လုံးမှာ ထုတ်ဝေသူက Bond အတိုးကို ၆ လတစ်ကြိမ် ပေးနေရတဲ့အတွက် ဒီအတိုး ကို စာရင်းရေးသွင်းရပါတယ်။ ပထမ ၆ လ အတိုးကို ပေးရမှာက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ပါ။ အဲဒီနေ့မှာရှိတဲ့ ၆ လစာ အတိုးကတော့ (အရင်း×အတိုးနှုန်း×အချိန် = ၁,၀၀၀,၀၀၀×၁၀%×၆÷၁၂) ကျပ် ၅၀,၀၀၀ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိပြုရမှာက မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ ဘဏ္ဍာရေးနှစ်ဘဲ ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့ထိကို ဘဏ္ဍာရေးနှစ် အဖြစ်သတ်မှတ်ထားပါတယ်။ အဲဒီတော့ ဘဏ္ဍာနှစ် အကုန် မတ်လ ၃၁ ရက်နေ့မှာ ပေးရန်ရှိ အတိုးအတွက် စာရင်းညှိ စာရင်းရေးသွင်းချက်ကို မဖြစ်မနေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မတ်လ ၃၁ ရက်မှာ ၃ လကုန်သွားပါပြီ။ စာရင်းညှိရေးသွင်းချက်က ဒီလိုပါ။ ပြီးသွားတဲ့ ၃ လစာ အတိုးက ကျပ် ၂၅,၀၀၀ ဖြစ်ပါတယ်။ Bond အတိုး ၃လစာ အတိုးစရိတ်မှာ တက်လာ တယ်။ Bond အတိုး ပေးရန်ရှိတွေ တက်လာတယ်။
ဒီနေရာမှာ Bonds ထုတ်ဝေသူက Bond Interest Payable ကျပ် ၂၅,၀၀၀ ကို လက်ငင်းကာလ ပေးရန်တာဝန် အဖြစ်နဲ့ ဘဏ္ဍာနှစ်အကုန် ဘဏ္ဍာရေး စာရင်းရှင်းတမ်းတွေမှာ ဖော်ပြရပါမယ်။ လက်ကျန်ရှင်းတမ်းမှာပေါ့။ အဲလိုနဲ့ တကယ် အတိုးပေး ရမဲ့ နေ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ပေးရန်ရှိအတိုးတွေကို တကယ်ပေးလိုက်ပြီ ဖြစ်လို့ Interest Payable က လျော့သွားသလို ငွေသားနဲ့ အတိုးပေးလိုက်ရတဲ့အတွက် Cash မှာလဲ လျော့သွားပါတယ်။ အတိုးပေးတဲ့အခါ ဂျာနယ်စာရင်း ရေး သွင်းချက် ကိုကြည့်ပါ။
အပေါ်က Interest Payable က စာရင်းညှိရေးသွင်းချက်ကို ပြန်လျှော့တာ။ အောက်က Interest Expense က နောက် ၃ လစာ အတွက် သွင်းတာ။ စုစုပေါင်းပေးရတာက ကျပ် ၅၀,၀၀၀ ပါ။ (အပေါ်မှာ တွက်ပြထားပါတယ်)
ဒီလိုနဲ့လာလိုက်တာ နောက်ထပ် ၆ လစာအတိုးပေးရမဲ့ နေ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာတော့ စာရင်းသွင်း ရတာ ရှင်းပါတယ်။ စာရင်းညှိ မလိုတော့ဘူး။
Bonds ရဲ့သက်တမ်း ၅ နှစ်အတွင်း ၆ လတစ်ကြိမ် အတိုးပေးတာရယ်။ ဘဏ္ဍာရေးနှစ်အကုန်မှာ ပေးရန်ရှိ အတိုးကို စာရင်းညှိနှိုင်း တာတွေကို မှန်မှန် လုပ်သွားရပါတယ်။ Bonds သက်တမ်းစေ့တဲ့ maturity date ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နေ့မှာ Bonds ရဲ့ face value ကို ပြန်အမ်းထုတ်ရပါတော့တယ်။ Redemption လုပ်တယ်လို့ခေါ်ပါတယ်။ ကာလရှည် ပေးရန် တာဝန် လျော့သွားသလို ငွေသားလဲ လျော့သွားပါတယ်။
Bonds ကို discount နဲ့ ထုတ်တာရယ်၊ premium နဲ့ ထုတ်တာရယ်မှာ အတိုးပေးတာရယ်၊ နောက်ဆုံးဘိတ် Bonds ရဲ့ face value ကို ပြန်အမ်းထုတ်တာမှာ စာရင်းသွင်းတာ တူပါတယ်။ Bonds ကို စစချင်း issue လုပ်တာမှာနဲ့ ဘဏ္ဍာနှစ်အကုန် အတိုးအတွက် ညှိနှိုင်းတာရယ်မှာ စာရင်းသွင်းချက်တွေ ကွဲလွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ Bond discount နဲ့ Bond premium ကို Bonds သက်တမ်း တစ်လျှောက်မှာ Interest Expense ထဲကို ဖြန့်ဝေ (allocate) ပေးသွားရ တဲ့ ဖြစ်စဉ် ကို ပြုလုပ်ရပါတယ်။ Amortization လို့ခေါ်ပါတယ်။ နောက်တစ်ခါ ဆောင်းပါးမှာ ရေးပေးပါ့မယ်။ ဖတ်ရှုပြီး အကျိုး များပါစေ။
(Kimmel, Weygandt, Kieso တို့ရေးသားသော Accounting, Tools for Business Decision Making ၊ 4th Edition မှ ထုတ်နှုတ်၍ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
မိုးမြန်မာ
Saturday, July 7, 2012
ငွေကြေးပမာဏရဲ့နောက်ခံကဘာလဲ?
Labels:
Macroeconomics
No comments:
ငွေကြေးပမာဏရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ငွေစက္ကူ၊ ငွေအကြွေများနဲ့ စာရင်းရှင် အပ်ငွေ checkable deposits များသည် ပေးချေဖို့ ကြွေးမြီတွေဘဲ ဖြစ်ပါတယ်။ ငွေစက္ကူတွေက ဗဟိုဘဏ် ရဲ့ လည်ပတ်နေတဲ့ ကြွေးမြီတွေ၊ စာရင်းရှင်အပ်ငွေတွေ ကတော့ ကူးသန်းရောင်း ဝယ်ရေး ဘဏ်တွေ နဲ့ ငွေစုငွေချေးအသင်းတွေရဲ့ ကြွေးမြီတွေဘဲ ဖြစ်ပါတယ်..။ ငွေစက္ကူနဲ့ စာရင်းရှင် အပ်ငွေ (တနည်းပြောရရင် ချက်လက်မှတ်ရေးပြီး ထုတ်ယူနိုင်တဲ့ငွေ) တွေမှာ သူတို့ကို ပြုလုပ်တဲ့ ကုန်ကျ စရိတ် (intrinsic value) မရှိဘူးလို့ ယူဆထားပါတယ်..။
၁၀၀တန်ငွေစက္ကူဆိုတာ စက္ကူတစ်ရွက်သာဖြစ်ပါတယ်။ စာရင်းရှင်အပ်ငွေ checkable deposit ကလဲ နှစ်ဖက်စာရင်း သွင်းစံနစ်ရဲ့ စာရင်းရေးသွင်းချက် bookkeeping entry တစ်ခုမျှသာပါဘဲ။ ငွေအကြွေတွေဟာလဲ သူတို့ရဲ့ face value ဟာ သူတို့ကို သွန်းလောင်းတဲ့စရိတ်ထက် ကြီးရမှာဘဲဖြစ်ပါတယ်။ ကိုင်ထားတဲ့ ငွေစက္ကူတစ်ရွက်ကို ထိကိုင်လို့ရတဲ့ အရာဝတ္ထုတစ်ခု ဥပမာအားဖြင့်- ရွှေ နဲ့ အစိုးရက လဲလှယ် အမ်းထုတ်ပေးမှာ မဟုတ်ပါဘူး။ လူအများအတွက်တော့ ငွေစက္ကူတွေရဲ့နောက်မှာ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဘာနောက်ခံမှ မထားထားတဲ့အချက်ဟာ မလုံခြုံဘူး၊ စိတ်မချရဘူးလို့ ထင်ချင်စရာပါဘဲ။ ဒါပေမဲ့ ဘာလို့ အဲလိုနောက်ခံမထားရသလဲဆိုတာအတွက် အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ တကယ်လို့သာ အစိုးရက currency အနောက်မှာ ရွှေကဲ့သို့ ထိကိုင်လို့ရတဲ့ အရာဝတ္ထု ပစ္စည်းတစ်ခုခုကို နောက်ခံထားလိုက်ရင် money supply သည် ရွှေဘယ်လောက်ရနိုင်သလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲမှာ ဖြစ်တယ်။ money supply နောက်မှာ ဘာနောက်ခံမှ မထားခြင်းအားဖြင့် အစိုးရသည် အဲဒီကန့်သတ်ချက်ကို ရှောင်ရှားနိုင်ပြီး လွတ်လပ်မှုကို ရရှိမှာဘဲဖြစ်ပါတယ်။ လွတ်လပ်မှုဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ငွေကြေးရဲ့တန်ဘိုးကို ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏ အနည်းအများကို ပြုလုပ်နိုင်တာဘဲဖြစ်ပါတယ်။ တနည်းအားဖြင့် အစိုးရဟာ တိုင်းပြည်ရဲ့ ငွေကြေး ပမာဏကို လွတ်လွတ် လပ်လပ်နဲ့ လိုအပ်သလို စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ကို ရရှိတာဘဲဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာမူဝါဒ monetary policy ကို ချမှတ်တဲ့ ငွေကြေးအာဏာပိုင်များအနေနဲ့ တိုင်းပြည်မှာ သယံဇာတတွေကို အပြည့်အဝ အသုံးချတဲ့အခြေအနေ full employment၊ ဈေးနှုန်းအဆင့် တည်ငြိမ်မှု price-level stability နဲ့ စီးပွားရေးတိုးတက်မှုနှုန်း economic growth တွေကို မြှင့်တင်ပေးမဲ့ လုပ်ငန်းလုပ်ဆောင်ချက်များအတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ထုတ်ဖို့ ကြိုးပမ်းကြရပါတယ်။
ယနေ့ စီးပွားရေးပညာရှင်များက ငွေကြေးပမာဏကို ရွှေသို့မဟုတ် အခြားတန်ဘိုးရှိ ကုန်စည်တစ်ခုခုနဲ့ ချိတ်ဆက်ထား တာထက် ဒီအတိုင်းဘဲ စီမံခန့်ခွဲတာက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ သဘောတူညီကြတယ်..။ ဥပမာ- money supply နောက်ခံ အဖြစ် ရွှေကို သုံးထားတယ်ဆိုရင် ရွှေနဲ့ ငွေကြေးဟာ အပြန်အလှန် လဲလှယ် အမ်းထုတ်လို့ရတယ်။ အဲဒီအခါမှာ တိုင်းပြည်မှာ ရွှေတွေတူးဖော်ရလို့ ရွှေပမာဏအများကြီး တိုးတက်လာရင် ငွေကြေးပမာဏကလဲ မြန်မြန်ဆန်ဆန် တိုးလာမယ်။ ငွေဖောင်းပွမှု ကလဲ မြန်မြန်ဆန်ဆန် စဖြစ်လာမယ်။ ဒါမှမဟုတ် ရွှေထုတ်လုပ်မှု ကြာရှည်စွာ ကျဆင်းလာရင်လဲ money supply လဲ ကျဆင်းမယ်။ အဲဒါဆိုရင် စီးပွားရေးကျဆင်းမှု recession နဲ့ အလုပ်လက်မဲ့ unemployment ပြဿနာကို ရင်ဆိုင် ရမှာ ဖြစ်တယ်။ တိုတိုပြောရရင် လူတွေဟာ ငွေစက္ကူကို ရွှေပမာဏတစ်ခုခု သို့မဟုတ် အခြားတန်ဘိုးရှိကုန်စည်တစ်ခုခုအဖြစ်သို့ မပြောင်းလဲနိုင် ဘူး။ ငွေကြေးကို ငွေကြေးနဲ့ဘဲ လဲလို့ရတယ်။ အစိုးရကို ကိုယ့်ရဲ့ ၁၀၀ တန်ငွေစက္ကူတစ်ရွက်အတွက် အမ်းထုတ် ဖို့ တောင်းဆိုရင် နောက်ထပ် နံပါတ်စဉ်မတူတဲ့ ၁၀၀ တန် ငွေစက္ကူတစ်ရွက်ကိုဘဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ရနိုင်တာ အကုန်ပါဘဲ။ အလားတူစွာ checkable deposits တွေကိုလဲ ရွှေ သို့မဟုတ် အခြား ကိုင်တွယ်လို့ရတဲ့ အရာတစ်ခုခုနဲ့ အမ်းမထုတ် နိုင်ပါဘူး။ ငွေစက္ကူနဲ့သာ အမ်းထုတ်လဲလှယ်လို့ ရပါတယ်။ ငွေကြေးပမာဏရဲ့နောက်မှာ ငွေကြေးတန်ဘိုးကို တည်ငြိမ်အောင် ထိန်းသိမ်းထားတဲ့ အစိုးရရဲ့ စွမ်းရည်ဘဲရှိပါတယ်။
Value of Money
၁၀၀ တန်ငွေစက္ကူတစ်ရွက် သို့မဟုတ် ငွေ ၁,၀၀၀ စာရင်းရှင်အပ်ငွေ စာရင်းသွင်းချက်တစ်ခု စတာတွေက ဘာဖြစ်လို့ ငွေကြေးဖြစ်ရတာလဲ..။ သူတို့က ဘာတန်ဘိုးကို ပေးသလဲ။ ဒီမေးခွန်းတွေကို ဖြေဖို့အတွက် အပိုင်း (၃) ပိုင်းရှိပါတယ်..။
(၁) လက်ခံနိုင်မှု Acceptability
(၁) လက်ခံနိုင်မှု Acceptability
currency နဲ့ checkable deposits တွေ ငွေကြေးဖြစ်ရတာဟာ သူတို့ကို လူတွေက ငွေအဖြစ်လက်ခံလို့ပါဘဲ။ currency နဲ့ checkable deposits တွေဟာ ငွေကြေးရဲ့ အခြေခံလုပ်ဆောင်ချက်ကို ဆောင်ရွက်ပေးပါတယ်.. သူတို့ကို ကြားခံဖလှယ်ရေး ကိရိယာအဖြစ် လက်ခံကြတယ်.. ငွေစက္ကူကို သုံးတဲ့အခါမှာ ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတရင်းမြစ်တွေအတွက် လဲလှယ် လို့ရတယ်လို့ ယုံကြည်ကြတဲ့အတွက် ငွေစက္ကူကို လဲလှယ်စရာအဖြစ် လက်ခံကြပါတယ်။
(၂) နိုင်ငံ၏တရားဝင်အသိအမှတ်ပြုထားသောငွေကြေးဖြစ်ခြင်း Legal Tender
ငွေစက္ကူတွေကို ယုံကြည်စွာနဲ့ လက်ခံအသုံးပြုတာဟာ အစိုးရက သူတို့ကို legal tender အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ပေးလို့ဘဲဖြစ်ပါတယ်.. ဆိုလိုတာက ငွေစက္ကူသည် မည်သည့်ကြွေးမြီပေးချေမှုအတွက်မဆို တရားဝင် လက်ခံပြီး အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အစိုးရအတွက် ငွေစက္ကူမဟုတ်တဲ့ ပုံစံတွေ ဖြစ်တဲ့ ချက်လက်မှတ်၊ မန်နီအော်ဒါ money order ၊ credit card စတာတွေနဲ့ ပေးချေမှုဟာလဲ တရားမဝင် မဖြစ်ပါဘူး။ အစိုးရက ငွေစက္ကူကို legal tender ဖြစ်ပါတယ်လို့ တရားဝင်အမိန့်ထုတ်ထားတာထက်ကို လဲလှယ်မှုကိရိယာအဖြစ် အများက လက်ခံမှုက ပိုအရေးကြီးပါတယ်..။ ဥပမာ- ချက်လက်မှတ်ကို အစိုးရက legal tender ဖြစ်ပါတယ်လို့ တရားဝင် အမိန့်မထုတ် ထားသော်လဲဘဲ များစွာသော စီးပွားရေးအဆောက်အအုံတွေမှာ ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတတွေ လဲလှယ်မှုအတွက် အသုံးပြုပါ တယ်..။
(၃) နှိုင်းယှဉ် ရှားပါးမှု Relative Scarcity
အခြားအရာတွေရဲ့ စီးပွားရေးတန်ဘိုးလိုဘဲ ငွေကြေးရဲ့တန်ဘိုးဟာလဲ သူရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ် မူတည် နေပါတယ်။ ပိုက်ဆံရဲ့တန်ဘိုးဟာ သူ့ရဲ့အသုံးဝင်မှုနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ရှားပါးမှုကနေ ရလာတာပါ။ ပိုက်ဆံရဲ့ အသုံးဝင်မှု ဆိုတာကလဲ အခု သို့မဟုတ် အနာဂတ်မှာ သူ့ရဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို လဲလှယ်နိုင်စွမ်းရှိမှု အပေါ် မူတည်နေပါတယ်။ ဒါကြောင့် စီးပွားရေးအဆောက်အအုံရဲ့ ငွေကြေးအတွက် ဝယ်လိုအားသည် မည်သည့်ကာလမှာမဆို ငွေကြေးယူနစ် တစ်ခုနဲ့ ပေးချေတဲ့ လုပ်ဆောင်ချက်စုစုပေါင်းပမာဏရယ်၊ တစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေက အနာဂတ် ကာလ လုပ်ဆောင်ချက် တွေအတွက် ကိုင်ထားချင်တဲ့ စုစုပေါင်းငွေကြေးပမာဏရယ် နှစ်ခုပေါင်းပေါ် မူတည်နေပါတယ်။ သင့်တော်တဲ့ ပုံသေ ငွေကြေးဝယ်လိုအားနဲ့တကွ ငွေကြေးအာဏာပိုင်များက ထုတ်လုပ်တဲ့ ငွေကြေးရဲ့ ရောင်းလိုအား သည် ငွေကြေးယူနစ် (ကျပ်၊ ယန်း၊ ရင်းဂစ်၊ ဒေါ်လာ၊ ပီဆို စသည်) ရဲ့ ပြည်တွင်းတန်ဘိုး သို့မဟုတ် ဝယ်ယူနိုင်စွမ်းအား purchasing power ကို ဆုံးဖြတ်ပေး ပါတယ်။
Money and Prices
ငွေကြေးရဲ့ purchasing power ဆိုတာ ငွေကြေးတစ်ယူနစ်နဲ့ဝယ်နိုင်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု ပမာဏဘဲ ဖြစ်ပါ တယ်။ ငွေကြေးဟာ သူ့ရဲ့ purchasing power ဆုံးရှုံးပြီဆိုရင် သူ့ရဲ့ ငွေကြေးဆိုတဲ့ အနေအထားလဲ ဆုံးရှုံးသွားတာပါဘဲ..။
ငွေကြေးယူနစ်တစ်ခုက ဝယ်ယူနိုင်တဲ့ပမာဏဟာ ဈေးနှုန်းအဆင့်နဲ့ ဆန့်ကျင်ဘက် ပြောင်းလဲနေပါတယ်။ ဆိုလိုတာက အထွေထွေဈေးနှုန်းအဆင့်နဲ့ ငွေကြေးယူနစ်ရဲ့ ဝယ်ယူနိုင်စွမ်းအားသည် ပြောင်းပြန်ဆက်စပ်နေပါတယ်။ စားသုံးသူဈေးဆနှုန်း ကိန်း consumer price index သို့မဟုတ် cost-of-living index တက်သွားပြီဆိုရင် ငွေကြေးယူနစ်ရဲ့ တန်ဘိုးကကျသွားပါတယ်။ အပြန်အလှန်အားဖြင့်လဲ မှန်ကန်ပါတယ်။ ဈေးနှုန်းတွေတက်တဲ့အတွက် ငွေကြေးယူနစ်ရဲ့တန်ဘိုးကို ကျဆင်းသွားစေတဲ့ အကြောင်းကတော့ ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတတွေရဲ့ ပမာဏတစ်ခုကို ဝယ်ဖို့အတွက် ငွေကြေးယူနစ် ပိုမိုလိုအပ်လာ လို့ဘဲ ဖြစ်ပါတယ်။ ဥပမာ- ဈေးနှုန်းက ၂ဆ ဖြစ်သွားရင် ငွေကြေး ၁ ယူနစ်ရဲ့တန်ဘိုးက တစ်ဝက်ကို ကျသွားပါတယ်။
ငွေကြေးယူနစ်တစ်ခုက ဝယ်ယူနိုင်တဲ့ပမာဏဟာ ဈေးနှုန်းအဆင့်နဲ့ ဆန့်ကျင်ဘက် ပြောင်းလဲနေပါတယ်။ ဆိုလိုတာက အထွေထွေဈေးနှုန်းအဆင့်နဲ့ ငွေကြေးယူနစ်ရဲ့ ဝယ်ယူနိုင်စွမ်းအားသည် ပြောင်းပြန်ဆက်စပ်နေပါတယ်။ စားသုံးသူဈေးဆနှုန်း ကိန်း consumer price index သို့မဟုတ် cost-of-living index တက်သွားပြီဆိုရင် ငွေကြေးယူနစ်ရဲ့ တန်ဘိုးကကျသွားပါတယ်။ အပြန်အလှန်အားဖြင့်လဲ မှန်ကန်ပါတယ်။ ဈေးနှုန်းတွေတက်တဲ့အတွက် ငွေကြေးယူနစ်ရဲ့တန်ဘိုးကို ကျဆင်းသွားစေတဲ့ အကြောင်းကတော့ ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတတွေရဲ့ ပမာဏတစ်ခုကို ဝယ်ဖို့အတွက် ငွေကြေးယူနစ် ပိုမိုလိုအပ်လာ လို့ဘဲ ဖြစ်ပါတယ်။ ဥပမာ- ဈေးနှုန်းက ၂ဆ ဖြစ်သွားရင် ငွေကြေး ၁ ယူနစ်ရဲ့တန်ဘိုးက တစ်ဝက်ကို ကျသွားပါတယ်။
ဆန့်ကျင်ဘက်ပြန်ပြောရရင် ဈေးနှုန်းတွေကျတာဟာ ငွေကြေးယူနစ်ရဲ့ တန်ဘိုးကို တက်စေပါတယ်။ ဘာလို့လဲဆိုတော့ ကုန်စည်နဲ့ဆောင်ရွက်မှုတွေကို ရရှိဖို့အတွက် ငွေကြေးယူနစ်နဲနဲဘဲလိုလို့ ဖြစ်ပါတယ်။ ဥပမာ- ဈေးနှုန်းက တစ်ဝက်ကျသွားတယ် ဆိုရင် ငွေကြေးယူနစ်ရဲ့ purchasing power က ၂ဆ တက်သွားပါတယ်။
ညီမျှခြင်းပုံစံနဲ့ဆိုရင် ဒီလိုဖြစ်ပါမယ်..။
V = 1/P where V = value of monetary unit, P = price level
V ရဲ့တန်ဘိုးကို ရှာဖို့ ၁ ကို ဈေးနှုန်းအဆင့်နဲ့ စားရပါတယ်။ ဈေးနှုန်းအဆင့်ကို index number နဲ့ဖော်ပြပါတယ်။ အကယ်၍ ဈေးနှုန်းအဆင့်က ၁ ဆိုရင် ငွေကြေးယူနစ်ရဲ့ တန်ဘိုးက ၁ ဖြစ်ပါတယ်။ အကယ်၍ ဈေးနှုန်းက ၁.၂၀ ကို တက်သွားတယ်ဆိုပါစို့။ အဲဒါဆို V တန်ဘိုးက ၀.၈၃၃ ကို ကျသွားပါတယ်။ ဈေးနှုန်း ၂၀ % တက်တာဟာ ငွေကြေး ယူနစ်တန်ဘိုးကို ၁၆.၆၇% ကျဆင်းသွားစေပါတယ်။ တကယ်လို့ ဈေးနှုန်းက ၁ ယူနစ်ကနေ ၀.၈၀ သို့ ၂၀ % ကျဆင်းသွားမယ် ဆိုရင် ငွေကြေး ယူနစ်တန်ဘိုးက ၁.၂၅ ကိုတက်သွားပါတယ်။ ၂၅ % တက်တဲ့ သဘောပေါ့။
တိုင်းပြည်တစ်ခုရဲ့ ငွေကြေးဟာ ဘာတန်ဘိုးမှမရှိတော့ဘဲနဲ့ လက်မခံကြတော့တဲ့ အခြေအနေဖြစ်လာရင် ငွေကြေး ဖောင်းပွမှု အရမ်းမြင့်တက်တဲ့ အခြေအနေ ဖြစ်လာလို့ပါ။ အစိုးရက ငွေစက္ကူများစွာကို ရိုက်ထုတ်တဲ့အခါ မှာ ငွေကြေးယူနစ် တစ်ခုစီရဲ့ purchasing power ဟာ လုံးဝနီးပါးကို အားမရှိတော့ဘဲ hyperinflation ကို ဖြစ်စေပါတယ်။ ဒီလိုကိစ္စမျိုးဟာ ပထမ ကမ္ဘာစစ်အပြီး ဂျာမဏီနိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ပြည်တွင်း လှည့်လည်သုံးစွဲငွေ ပမာဏဟာ ဂျာမန်မတ်ငွေ ၅၀ ဘီလီယံ ရှိခဲ့ပါ တယ်။ ငွေဖောင်းပွ မှုနဲ့ ပတ်သက်ပြီး သီးသန့် ရေးသားမှာ ဖြစ်ပါတယ်။
ငွေဖောင်းပွမှု တရှိန်ထိုးတက်လာခြင်းဟာ ငွေကြေးကို လက်ခံရရှိချိန်နဲ့ သုံးစွဲတဲ့ အချိန်ကြားမှာရှိတဲ့ ငွေကြေးရဲ့ တန်ဘိုးကို သိသိသာသာ တန်ဘိုးကျစေပါတယ်။ ငွေကြေးတန်ဘိုး မြန်မြန်ဆန်ဆန်ကြီး ကျဆင်းသွားတာဟာ ကြားခံဖလှယ်ရေး ကိရိယာအဖြစ် သုံးစွဲခြင်းမှ ရပ်တန့်သွားစေပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်စုတွေကလဲ ငွေစက္ကူကို လဲလှယ်မှု ကိရိယာ အနေနဲ့ လက်ခံဖို့ကို ငြင်းဆန် ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငွေစက္ကူတွေကို ပိုင်ဆိုင်ထားခြင်းဖြင့် တန်ဘိုး ဆုံးရှုံး မှာကို မခံနိုင်လို့ဘဲ ဖြစ်ပါတယ်။ အစိုးရက legal tender ဖြစ်ပါတယ်လို့ ဘယ်လိုဘဲ ကြေညာထားထား မရတော့ ပါဘူး။ ပြည်တွင်းမှာ လက်ခံလောက်စရာ ကြားခံဖလှယ်ရေးကိရိယာ မရှိတဲ့အခါ စီးပွားရေးအဆောက်အအုံဟာ ပစ္စည်းချင်း လဲလှယ်တဲ့ barter system ကို အလိုအလျောက် ပြန်ရောက်သွားပါတယ်။ နောက်တစ်နည်းအနေနဲ့ ပိုပြီး တည်ငြိမ်တဲ့ ငွေကြေး ယူနစ်တွေ ဖြစ်တဲ့ ဒေါ်လာတို့၊ ယူရိုတို့ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ နောက်ဆုံးပိတ်အစွန်းမှာတော့ တိုင်းပြည်ဟာ hyperinflation ကို တိုက်ထုတ်နိုင်ဖို့အတွက် ပြည်ပငွေကြေးယူနစ်ကို ကိုယ်ပိုင် တရားဝင်ငွေကြေးအဖြစ် လက်ခံသုံးစွဲရပါ တော့တယ်။
အလားတူစွာဘဲ လူတွေဟာလဲ inflation ကြောင့် ငွေကြေးရဲ့တန်ဘိုး သိသိသာသာ ပျက်စီးသွားတာ မဖြစ်သေးသ၍ ငွေကြေးကို တန်ဘိုးကို သိုလှောင်ပေးတဲ့အရာအဖြစ် ဆက်လက်သုံးစွဲနေကြမှာဘဲ ဖြစ်ပါတယ်။ စီးပွားရေးအဆောက်အအုံ တစ်ခု သည် ငွေကြေးရဲ့ purchasing power တည်ငြိမ်နေတဲ့အခါမှာ ငွေကြေးကို ငွေစာရင်းယူနစ်အဖြစ်နဲ့ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ purchasing power ကို ငွေကြေးဆိုင်ရာကိုက်တံ (yardstick) တစ်ခုအဖြစ် မတိုင်းတာနိုင်တော့ တဲ့အခါ ဝယ်သူ နဲ့ ရောင်းသူတွေအတွက် ကုန်ဖလှယ်မှုအချိုး terms of trade ကို ရှင်းရှင်းလင်းလင်း မပြုလုပ်ပေးတော့ပါဘူး။ ငွေကြေး ယူနစ်တစ်ခုရဲ့တန်ဘိုး လျှင်လျှင်မြန်မြန် ကျဆင်းသွားတဲ့အခါ ရောင်းသူတွေကလဲ ဘယ်လောက်ဈေးတောင်းရမယ်.. ဝယ်သူ တွေကလဲ ဘယ်လောက်ပေးရမယ် ဆိုတာကို မသိကြတော့ပါဘူး။
ဈေးနှုန်းအဆင့် လျှင်လျှင်မြန်မြန် တိုးတက်မှုနဲ့ ငွေကြေးရဲ့ purchasing power ကို တိုက်စားမှုတို့ဟာ မကောင်းမွန်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ စီးပွားရေးပေါ်လစီတွေကနေ ဖြစ်လာတာပါ။ ငွေကြေးရဲ့ purchasing power နဲ့ ဈေးနှုန်းအဆင့်ဟာ ပြောင်းပြန် ဆက်စပ်နေတဲ့အတွက် ဈေးနှုန်းအဆင့် တည်ငြိမ်မှုရှိမှသာ ငွေကြေးရဲ့ purchasing power လဲ တည်ငြိမ်မှုရှိမှာ ဖြစ်ပါတယ်။ price level တည်ငြိမ်မှုဆိုတာ နှစ်စဉ် inflation က ၂ % ကနေ ၃% လောက်ကြားထဲရှိတဲ့ အခြေအနေပေါ့။ အဲဒီအခြေအနေ ရရှိဖို့သည် ငွေကြေးပမာဏနဲ့ အတိုးနှုန်း (ငွေကြေးမူဝါဒ) ကို စီမံခန့်ခွဲ စည်းကျပ်ဖို့ အဓိကလိုအပ်ပါတယ်။ ငွေဖောင်းပွမှုကို တိုက်ဖျက်ဖို့အတွက် တိုင်းပြည်ရဲ့ ငွေကြေးအာဏာပိုင်များက ကြိုးပမ်းအားထုတ်ရာမှာ သင့်တော်တဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ Fiscal Policy အထောက်အပံ့ကလဲ လိုအပ်ပါတယ်။ ငွေကြေးအာဏာပိုင်များသည် ရရှိနိုင်တဲ့ ငွေကြေးပမာဏကို ပြုလုပ်ပေးပြီး ပေါ်လစီကနေ တစ်ဆင့် အဲဒီပမာဏကိုလဲ ပြောင်းလဲပစ်နိုင်ပါတယ်။
နောက်မှဘဲ ငွေကြေးဖန်တီးမှု၊ ငွေကြေးမူဝါဒ စတာတွေကို ရေးသားပါမယ်။ ဖတ်ရှုအကျိုးများနိုင်ပါစေ....။
McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။
မိုးမြန်မာ
ငွေကြေးလုပ်ဆောင်ချက်များနှင့် ငွေကြေးအဓိပ္ပါယ်
Labels:
Macroeconomics
No comments:
တိုင်းပြည်တစ်ခုမှာ ငွေကြေးစံနစ် ကောင်းမွန်စွာ လည်ပတ်မှသာ ဝင်ငွေနဲ့ အသုံးစရိတ်တွေရဲ့ လည်ပတ် စီးဆင်းမှုကို အထောက်အပံ့ ဖြစ်ပါတယ်။ တိုင်းပြည်အနေနဲ့လဲ resources တွေကို ကောင်းမွန် ထိရောက်စွာ အသုံးပြုနိုင်ပြီး full employment ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးစံနစ် ကောင်းကောင်း မလည်ပတ်တော့တာနဲ့ သယံဇာတ ခွဲဝေ အသုံးချ မှုတွေ ပျက်စီးကုန်ပြီး စီးပွားရေးအဆောက်အအုံရဲ့ ထွက်ကုန်၊ အလုပ်အကိုင် ရရှိမှုနှင့် ဈေးနှုန်းစတာတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်စေပါတယ်။ အခု ဗဟိုဘဏ်ကလူများ သိပြီးဖြစ်တဲ့ ငွေကြေး လုပ်ဆောင်ချက်တို့၊ ငွေကြေးအဓိပ္ပါယ်တို့ စတာတွေ ရေးသားမှာ ဖြစ်ပါတယ်.. သိပြီး သားတွေဖြစ်ပေမဲ့ သည်းခံပြီး ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်..။
The Functions of Money
ငွေကြေးက လုပ်ရမဲ့အရာမှန်သမျှကို လုပ်ဆောင်တာဟာ ငွေကြေးဘဲ ဖြစ်ပါတယ်..။ ငွေကြေးရဲ့ လုပ်ဆောင်ချက်တွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..။
(၁) ဖလှယ်ရေးကိရိယာအဖြစ်ဆောင်ရွက်ပေးခြင်း (Medium of exchange)
ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို ဝယ်တဲ့ရောင်းတဲ့နေရာမှာ အသုံးပြုဖို့အတွက် ငွေကြေးကို ကြားခံ ဖလှယ်ရေး ကိရိယာ အနေနဲ့သုံးပါတယ်။ ဒီအချက်ကတော့ ငွေကြေးလုပ်ဆောင်ချက်တွေထဲမှာ အခြေခံ အကျဆုံးအချက်လဲ ဖြစ်ပါတယ်။ ကုန်စည် ချင်းတိုက်ရိုက် လဲလှယ်တဲ့စနစ်ရဲ့ အခက်အခဲတွေ၊ အရှုပ် အထွေးတွေကို ငွေကြေးက ဖြေရှင်းပေးပါတယ်။ ငွေကြေးကို ပေးချေမှုအဖြစ် လက်ခံကြ ပါတယ်။ resources (land, labor, capital, နဲ့ entrepreneurial ability) တွေကို ရောင်းချသူတွေကိုလဲ ငွေကြေးနဲ့ ပေးနိုင်တယ်။ ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချ သူတွေကိုလဲ ငွေကြေးနဲ့ ပေးချေနိုင် တယ်။ ဈေးထဲမှာ လိုချင်တာ မှန်သမျှကို ငွေကြေးနဲ့ ဝယ်ယူနိုင်တယ်.. အဲလိုအဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်တဲ့အတွက် လူ့အဖွဲ့အစည်းအတွက် အရပ်ဒေသ အလိုက် ဇောက်ချလုပ်ကိုင် ထုတ်လုပ်တာ ကို အထောက်အပံ့ ဖြစ်စေပါတယ်။
(၂) ငွေစာရင်းယူနစ်အဖြစ်ဆောင်ရွက်ခြင်း (unit of account)
ငွေကြေးဆိုတာ ငွေစာရင်းယူနစ်တစ်ခုလဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက ကုန်စည်၊ ဆောင်ရွက်မှု နဲ့ သယံဇာတ ရင်းမြစ်တွေ များစွာရဲ့နှိုင်းယှဉ်တန်ဘိုးတွေကို တိုင်းတာတဲ့ ပေတံတစ်ခုအဖြစ် ငွေကြေး ဆိုင်ရာယူနစ်ကို အသုံးပြုပါတယ်..။ ဥပမာ- မြန်မာနိုင်ငံမှာ “ကျပ်” ပေါ့။ ငွေကြေးကို လက်ခံနိုင်တဲ့ ငွေစာရင်းယူနစ်အဖြစ်နဲ့ ပစ္စည်းတစ်ခုစီရဲ့ ဈေးနှုန်းတွေကို ငွေကြေးယူနစ်နဲ့ ဖော်ပြပါတယ်။ ဥပမာ - နွားတွေရဲ့တန်ဘိုးကို ပြောင်းဖူးတွေနဲ့ ဖော်ပြဖို့ မလိုတော့ပါဘူး။ အမျိုးမျိုးသော ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတတွေရဲ့ ဈေးနှုန်းတွေကို ငွေကြေးယူနစ်နဲ့ အလွယ်တကူ နှိုင်းယှဉ်နိုင်တဲ့ အတွက် သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းကိုလဲ ကူညီပေးပါတယ်။ ပေးချေဖို့ ကြွေးမြီတွေ ကို သတ်မှတ်နိုင်ဖို့၊ အခွန်အတုတ်တွေ ကို ဆုံးဖြတ်နိုင်ဖို့၊ တိုင်းပြည်ရဲ့ GDP စတာတွေကို တွက် ချက်နိုင်ဖို့လဲ အသုံးပြုနိုင်ပါတယ်။
(၃) တန်ဖိုးကို သိုလှောင်ပေးသောအရာအဖြစ် ဆောင်ရွက်ခြင်း (store of value)
ငွေကြေးဟာ အခုကာလမှ အနာဂတ်ကာလသို့ ဝယ်ယူနိုင်စွမ်းအား (purchasing power) ကို ရွှေ့ပြောင်းပေးနိုင်တဲ့၊ တန်ဘိုးကိုသိုလှောင်ပေးတဲ့ အရာတစ်ခုအဖြစ်လဲ ဆောင်ရွက်ပေးပါတယ်။ ဆိုလိုတာကတော့ လူတွေဟာ နောင်တစ်ချိန်မှာ လိုအပ်တာကို အသုံးပြုနိုင်ဖို့အတွက် ငွေကြေးကို သိမ်းထားနိုင်ပါတယ်။ ပုံမှန် အတိုင်းကတော့ လူတွေဟာ ဝင်ငွေရလာတာနဲ့ ချက်ခြင်း အဲဒီ ဝင်ငွေ အားလုံးကို သုံးမပစ်ပါဘူး။ နောင်မှာ ဝယ်ယူနိုင်ဖို့အတွက် ငွေကြေးကို သူတို့ရဲ့ ဥစ္စာဓနတချို့ အဖြစ်နဲ့ သိမ်းထားပါတယ်။ မီးခံသေတ္တာထဲမှာ၊ သို့မဟုတ် checking account (current account) ထဲမှာ ထားထားတဲ့ ပိုက်ဆံသည် အခုကနေ နောက်ရက်သတ္တပတ် အနည်းငယ်၊ လအနည်းငယ်လောက် ကိုယ့်အတွက် သုံးနိုင်ပါတယ်။ ငွေဖောင်းပွမှု မရှိရင်ဖြစ်ဖြစ်၊ နဲနဲလေးဘဲ ရှိရင်ဖြစ်ဖြစ် နောင်အသုံးပြုဖို့ အတွက် ကိုယ့်ရဲ့ ဥစ္စာဓနအဖြစ် သိမ်းဆည်းထားနိုင်ဖို့ ငွေကြေးကို ကိုင်ထားခြင်းသည် အန္တရာယ် မရှိတဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။
(၄) အနာဂတ်ပေးချေမှု စံအဖြစ်ဆောင်ရွက်ခြင်း (standard for deferred payments)
နောင်ကာလမှာ ပေးချေမှုပြုလုပ်ဖို့အတွက်လဲ ငွေကြေးကို စံအဖြစ်သတ်မှတ်ထားပါတယ်။ အခုငွေချေးတယ်။ နောင်မှာ ပြန်ဆပ်မယ်။ အရင်းပေးချေတာ၊ အတိုးပေးချေတာတွေမှာ ငွေကြေးကို စံ အဖြစ် ထားပြီး အသုံးပြုပါတယ်။
လူတွေဟာ ငွေကြေးအပြင် တခြားသော ပစ္စည်းများစွာ (အိမ်၊ ခြံ၊ ကား၊ stocks၊ bonds၊ အဖိုးတန် ရွှေ၊ လက်ဝတ်ရတနာ၊ တွင်းထွက်ကျောက်မျက်များ) ကိုလဲ ဥစ္စာဓန အဖြစ်သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးမှာ တခြားပစ္စည်းတွေထက် သာလွန်နေတဲ့ အဓိကအချက်ကတော့ ငွေဖြစ်အလွယ်ဆုံး (most liquidity ) ဘဲ ဖြစ်ပါတယ်။ ငွေနဲ့ ကိုယ်လိုချင်တာကို ချက်ခြင်း ဝယ်လို့ရတာပေါ့။ ငွေဖြစ်လွယ်မှု (liquidity) ဆိုတာကတော့ ဝယ်ယူနိုင်စွမ်းအားကို လုံးဝမဆုံးရှုံးစေဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် လဲလက်ခံနိုင်ပြီးတော့ လွယ်လွယ်ကူကူသုံးနိုင်တဲ့ ငွေကြေး ပုံစံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်တာဘဲ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုဟာ ငွေဖြစ်လွယ်လေလေ ငွေသား အဖြစ်သို့ မြန်မြန်ပြောင်းနိုင်လေပါဘဲ။
လူတွေဟာ ငွေကြေးအပြင် တခြားသော ပစ္စည်းများစွာ (အိမ်၊ ခြံ၊ ကား၊ stocks၊ bonds၊ အဖိုးတန် ရွှေ၊ လက်ဝတ်ရတနာ၊ တွင်းထွက်ကျောက်မျက်များ) ကိုလဲ ဥစ္စာဓန အဖြစ်သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးမှာ တခြားပစ္စည်းတွေထက် သာလွန်နေတဲ့ အဓိကအချက်ကတော့ ငွေဖြစ်အလွယ်ဆုံး (most liquidity ) ဘဲ ဖြစ်ပါတယ်။ ငွေနဲ့ ကိုယ်လိုချင်တာကို ချက်ခြင်း ဝယ်လို့ရတာပေါ့။ ငွေဖြစ်လွယ်မှု (liquidity) ဆိုတာကတော့ ဝယ်ယူနိုင်စွမ်းအားကို လုံးဝမဆုံးရှုံးစေဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် လဲလက်ခံနိုင်ပြီးတော့ လွယ်လွယ်ကူကူသုံးနိုင်တဲ့ ငွေကြေး ပုံစံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်တာဘဲ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုဟာ ငွေဖြစ်လွယ်လေလေ ငွေသား အဖြစ်သို့ မြန်မြန်ပြောင်းနိုင်လေပါဘဲ။
ငွေသားကတော့ အပြည့်အဝ ငွေဖြစ်လွယ်တာပေါ့။ ဒါပေမဲ့ အိမ်တစ်လုံးဆိုရင် တော်တော် ကို ငွေဖြစ် မလွယ်တော့ဘူး။ ပထမ တစ်ချက်က အိမ်ကို ဝယ်ချင်တဲ့သူတွေ့ဖို့နဲ့ အရောင်းအဝယ်ဖြစ်မြောက် သွားဖို့က အချိန် တော်တော်ကြာကြာယူရတယ်။ ဒုတိယအချက်က အိမ်ကို ရောင်းလိုက်တဲ့အခါမှာ ပွဲခနဲ့ အခြားစာရွက်စာတမ်း လွှဲပြောင်းတဲ့ အခကြေးငွေ စတာတွေ ကို ပေးရတဲ့အတွက် purchasing power ဆုံးရှုံးမှု ဖြစ်စေတယ်။
စီးပွားရေးအဆောက်အအုံတစ်ခုသည် ငွေစက္ကူ (cash)၊ ငွေအကြွေ (coins)၊ စာရင်းရှင်အပ်ငွေ (current account deposits) (စာရင်းရှင်အပ်ငွေဆိုတာ check လက်မှတ်ရေးလို့ဘဲဖြစ်ဖြစ်၊ ATM စက်နဲ့ဘဲ ဖြစ်ဖြစ် အလွယ်တကူ ငွေထုတ်နိုင်တဲ့ checking account deposits ဖြစ်ပါတယ်)၊ ငွေစုဘဏ်အပ်ငွေ (saving account deposits)၊ အချိန်ဆိုင်းအပ်ငွေ (time deposits) နဲ့ ငွေကြေးဈေးကွက် စာချုပ်စာတမ်းများကို အတူတူစုဝယ်ရန် အတွက် ရှယ်ယာထည့်ဝင်ငွေများ (money market mutual funds) စတဲ့ ပုံစံ မြောက်မြားစွာသော ငွေကြေးတွေကို အသုံးပြုတယ်။ ငွေသားက အပြည့်အဝငွေဖြစ်လွယ်ပြီး တခြားပုံစံ ရှိတဲ့ ငွေကြေးတွေ ကတော့ ငွေသားအဖြစ် ပြောင်းလဲဖို့ ခက်ခဲ တယ်။ ငွေသားလောက် ငွေဖြစ်မလွယ်ဘူးပေါ့။
ငွေကြေးအဓိပ္ပါယ်အကျဉ်း Money definition M1
ငွေကြေးဆိုတာ အရာဝတ္ထုတွေရဲ့ အရေအတွက်ပမာဏ stock ဖြစ်ပါတယ်။ ဝင်ငွေနဲ့မတူပါဘူး.. ဝင်ငွေက flow ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက ငွေကြေးအဖြစ် အရာဝတ္ထုများစွာကို အသုံးပြုခဲ့ကြပါတယ်။ အခု လက်ရှိကတော့ ငွေစက္ကူနဲ့ ငွေအကြွေတွေပေါ့။ ကြားခံဖလှယ်ရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံတာ မှန်သမျှဟာ ငွေကြေးဖြစ်ပါတယ်။ ငွေကြေးပမာဏ money supply ဆိုတာ ငွေကြေးရဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပေး တဲ့ အရာတွေအားလုံးရဲ့ စုစုပေါင်း ပမာဏ ဖြစ်ပါတယ်..ငွေကြေးပမာဏရဲ့ အဓိပ္ပါယ် အကျဉ်းကို M1 လို့ခေါ်ပါတယ်။ M1 ထဲမှာ ပါတာတွေ ကတော့ -
(၁) လူတွေရဲ့လက်ထဲမှာ လည်ပတ်နေတဲ့ ငွေစက္ကူနဲ့ငွေအကြွေ (currency) များ
(၂) စာရင်းရှင်အပ်ငွေ current account deposits တနည်း checking account deposits တို့ဖြစ်ပါတယ်။
အစိုးရအဖွဲ့အစည်းက ငွေစက္ကူနဲ့ ငွေအကြွေကို ဖြည့်ဆည်းပေးပြီး ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေက စာရင်းရှင် အပ်ငွေတွေကို ဖန်တီးပေးပါတယ်။ ငွေစက္ကူနဲ့ ငွေအကြွေတွေကို token money လို့ခေါ်ပါတယ်။ အဲဒါကဘာအဓိပ္ပါယ်လဲ ဆိုရင် currency ရဲ့ မျက်နှာပြင်ပေါ်မှာ ဖော်ပြထားတဲ့တန်ဘိုး (face value) ဟာ အဲဒီ currency ကို ပြုလုပ်တဲ့ ကုန်ကျစရိတ် (intrinsic value) ထက်ကြီးတာ ကို ပြောတာပါ။ အဲဒီလိုဖြစ်မှသာ လူတွေအနေနဲ့ ဒီ currency တွေကို ပြန်ရောင်းတာမျိုး မလုပ်မှာ ဖြစ်ပါတယ်။ ဥပမာ - ၅၀ ဆင့်မှာ သွန်းလောင်း စရိတ်က ၇၅ ဆင့် ဖြစ်နေရင် လူတွေက အရည်ကျိုဖို့ သွားရောင်းရင် မြတ်ပါတယ်။ အဲဒီအခါမှာ အဲဒီ ၅၀ ဆင့်ဟာ လူတွေလက်ထဲမှာ လည်ပတ်နေတဲ့ currency in circulation ထဲမှ လျင်မြန်စွာ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
ချက်လက်မှတ်နဲ့ဖြစ်စေ၊ ATM နဲ့ဖြစ်စေ အလွယ်တကူ ထုတ်ယူနိုင်တဲ့ အပ်ငွေတွေကို checkable deposits လို့ခေါ်ပါ တယ်။ သူတို့ဟာ စာရင်းရှင်အပ်ငွေတွေဘဲပေါ့။ လိုတဲ့အချိန်မှာ အချိန်မရွေး ထုတ်ယူနိုင်ပါတယ်။ demand deposits လို့လဲခေါ်နိုင်ပါတယ်။ အကြွေးပေးစရာရှိတာကို ချက်လက်မှတ်ရေးပြီး ပေးချေနိုင်ပါတယ်။ ပေးချေမှုတွေကို ချက်လက်မှတ် ရေးပြီး ပေးချေနိုင်ပါတယ်။ currency တွေအများကြီး ကိုင်စရာ၊ သယ်စရာမလိုဘဲ ကိစ္စပြီးပါတယ်။ ချက်လက်မှတ်ဟာ ဘဏ်ထဲမှာ အပ်ထားတဲ့ငွေတွေကို ပိုင်ဆိုင်မှု လွှဲပြောင်းလိုက်တာပါဘဲ။ ပြီးတော့ ဖလှယ်ရေး ကိရိယာ medium of exchange အဖြစ်လဲ လက်ခံကြတယ်။ အသေးအမွှား အရောင်းအဝယ်တွေကို ချက်လက်မှတ်နဲ့ လက်မခံပေမဲ့ အကြီးစား အဝယ်အရောင်းတွေမှာတော့ ချက်လက်မှတ် နဲ့ ပေးချေမှုပြုနိုင်ပါတယ်။ ပြီးတော့လဲ လူတွေအနေနဲ့ အလိုရှိလျင် ချက်လက်မှတ် ကို ငွေသားအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ ဒီတော့ checking account deposits တွေကို currency နဲ့အတူ တကွ ငွေကြေးရဲ့ အကျဉ်းအဓိပ္ပါယ်ထဲထည့် ထားတာပါ။
ချက်လက်မှတ်နဲ့ဖြစ်စေ၊ ATM နဲ့ဖြစ်စေ အလွယ်တကူ ထုတ်ယူနိုင်တဲ့ အပ်ငွေတွေကို checkable deposits လို့ခေါ်ပါ တယ်။ သူတို့ဟာ စာရင်းရှင်အပ်ငွေတွေဘဲပေါ့။ လိုတဲ့အချိန်မှာ အချိန်မရွေး ထုတ်ယူနိုင်ပါတယ်။ demand deposits လို့လဲခေါ်နိုင်ပါတယ်။ အကြွေးပေးစရာရှိတာကို ချက်လက်မှတ်ရေးပြီး ပေးချေနိုင်ပါတယ်။ ပေးချေမှုတွေကို ချက်လက်မှတ် ရေးပြီး ပေးချေနိုင်ပါတယ်။ currency တွေအများကြီး ကိုင်စရာ၊ သယ်စရာမလိုဘဲ ကိစ္စပြီးပါတယ်။ ချက်လက်မှတ်ဟာ ဘဏ်ထဲမှာ အပ်ထားတဲ့ငွေတွေကို ပိုင်ဆိုင်မှု လွှဲပြောင်းလိုက်တာပါဘဲ။ ပြီးတော့ ဖလှယ်ရေး ကိရိယာ medium of exchange အဖြစ်လဲ လက်ခံကြတယ်။ အသေးအမွှား အရောင်းအဝယ်တွေကို ချက်လက်မှတ်နဲ့ လက်မခံပေမဲ့ အကြီးစား အဝယ်အရောင်းတွေမှာတော့ ချက်လက်မှတ် နဲ့ ပေးချေမှုပြုနိုင်ပါတယ်။ ပြီးတော့လဲ လူတွေအနေနဲ့ အလိုရှိလျင် ချက်လက်မှတ် ကို ငွေသားအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ ဒီတော့ checking account deposits တွေကို currency နဲ့အတူ တကွ ငွေကြေးရဲ့ အကျဉ်းအဓိပ္ပါယ်ထဲထည့် ထားတာပါ။
Money M1 = currency + checkable deposits (current account deposits) |
commercial banks ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက အပ်ငွေလက်ခံတဲ့ အဓိက အဖွဲ့အစည်းတွေဘဲ ဖြစ်ပါတယ်။ သူတို့က အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေဆီက အပ်ငွေတွေကို လက်ခံတယ်။ လာမထုတ်မချင်း လုံခြုံအောင် သိမ်းထားပေးတယ်။ လာမထုတ်ခင် ကြားထဲမှာ ချေးငွေတွေထုတ်ချေးတယ်။
အရေးကြီးတဲ့အချက်က ဗဟိုဘဏ်က ကိုင်ထားတဲ့ငွေတွေ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေနဲ့ အခြားငွေစုငွေချေး အသင်းတွေက ကိုင်ထားတဲ့ ငွေတွေဟာ M1 ထဲမှာမပါ-ပါဘူး။ ဥပမာ- ဦးဖြူက ဘဏ်မှာ ငွေ ၁၀၀ ကျပ်ကို စာရင်းရှင်အနေနဲ့ အပ်ထားတယ်ဆိုရင် ဦးဖြူ အပ်ငွေ ၁၀၀ ကျပ်က M1 ထဲမှာပါ-ပါတယ်။ ဘဏ်က သိမ်းပေးထားတဲ့ ငွေ ၁၀၀ ကျပ်ကိုပါ M1 ထဲ ထည့်လိုက်ရင် money supply က ၂ဆ ဖြစ်သွားပါမယ်။ ဘဏ်ကကိုင်ထား၊ သိမ်းထားတဲ့ငွေတွေကို ထည့်မရေတွက်မှသာ money supply ကို ရေတွက်ရာမှာ ၂ခါထပ် ရေတွက်ခြင်းမှ ရှောင်ရှား နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခါ အစိုးရနဲ့ဗဟိုဘဏ်ရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်များမှာ အပ်ထားတဲ့ စာရင်းရှင် အပ်ငွေတွေကလဲ M1 ထဲမှာ မပါ-ပါဘူး။ ဒီလို မပါတဲ့အတွက် ပုဂ္ဂလိကကဏ္ဍ အတွက် ရနိုင်တဲ့ သုံးစွဲငွေ အလားအလာကို အကဲဖြတ်နိုင်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖြစ်တဲ့ အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ရနိုင်တဲ့ ငွေပမာဏသည် ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒ (monetary policy) ချမှတ်ရာမှာ အဓိက အရေးပါ-ပါတယ်။
ငွေကြေးအကျယ်အဓိပ္ပါယ် Money definition M2
ငွေကြေးရဲ့ အကျယ်အဓိပ္ပါယ်မှာ M1 နဲ့ များစွာသော near-monies တွေပါဝင်ပါတယ်။ near-monies ဆိုတာကတော့ ကြားခံဖလှယ်ရေးကိရိယာဆိုတဲ့ ငွေကြေးရဲ့ အခြေခံအကျဆုံး လုပ်ဆောင်ချက်ကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်တဲ့ ငွေသားဖြစ် ဖို့ခက်တဲ့ financial assets တွေဘဲ ဖြစ်ပါတယ်။ near-monies တွေကို currency အဖြစ်သို့ဖြစ်စေ၊ checkable deposits အဖြစ်သို့ ဖြစ်စေ ပြောင်းလဲဖို့ တော်တော် မလွယ်ပါဘူး။ near-monies ထဲမှာ ပါဝင်တာတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် -
(၁) ငွေစုဘဏ်အပ်ငွေ (saving deposits)
ငွေအပ်ထားသူက ဘဏ်မှာသွားရောက်ပြီး ငွေထုတ်ရပါတယ်။ ချက်လက်မှတ်နဲ့ ထုတ်လို့မရပါဘူး။ အပ်ငွေ အတွက် အတိုး ရပါတယ်။ ကိုယ်စားထုတ်ရင် ခိုင်လုံတဲ့ကိုယ်စားလှယ်လွှဲစာ ပါရပါတယ်။
(၂) အချိန်ဆိုင်းအပ်ငွေ (time deposits)
ငွေအပ်သူက အချိန်စေ့မှ ထုတ်လို့ရပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်က ၆ လ time deposits ကို အပ်ထားတယ်ဆိုရင် ၆ လစေ့မှ ထုတ်လို့ရပါမယ်။ သူ့ကို certificate of deposit လို့လဲခေါ်ပါတယ်။ ထုတ်ယူရတာ မလွယ်တဲ့အတွက် အတိုးနှုန်း မြင့်မြင့် ရပါတယ်။ အချိန်မစေ့ခင် ငွေထုတ်ရင်တော့ severe penalty ထိမှာ ဖြစ်ပါတယ်။
(၃) လူတစ်ဦးချင်းစီ ကိုင်ဆောင်ထားတဲ့ ငွေကြေးဈေးကွက် စာချုပ်စာတမ်း ရှယ်ယာ ထည့်ဝင်ငွေများ (money market mutual funds held by individuals)
(၃) လူတစ်ဦးချင်းစီ ကိုင်ဆောင်ထားတဲ့ ငွေကြေးဈေးကွက် စာချုပ်စာတမ်း ရှယ်ယာ ထည့်ဝင်ငွေများ (money market mutual funds held by individuals)
money market mutual funds (MMMFs) ကို mutual fund ကုမ္ပဏီက လုပ်ထားတာပါ။ mutual fund ကုမ္ပဏီတွေက လူတစ်ဦးချင်းစီရဲ့ ရှယ်ယာ ထည့်ဝင်ငွေတွေကို ပေါင်းပြီး အတိုးရတဲ့ ကာလတို ငွေကြေးဈေးကွက် စာချုပ်စာတမ်းတွေ ဝယ်ပါတယ်။ အဲဒီကရတဲ့ အတိုးငွေတွေကို money market mutual funds (MMMFs) မှာ စုပေါင်းရှယ်ယာ ထည့်ဝင်သူတွေကို ပြန်ပေးပါတယ်။ တနည်းပြောရရင် အဲဒီရှယ်ယာဝင်ထားသူတွေသည် ငွေကြေးဈေးကွက် စာချုပ်စာတမ်းများကို တွဲဖက် ပိုင်ဆိုင်ကြသူတွေပေါ့။ အဲဒီ ဝယ်ထားတဲ့ ကာလတို စာချုပ် စာတမ်းတွေ အချိန်စေ့မှသာ ငွေထုတ် လို့ရတာပေါ့။ ဒီအထဲမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကိုင်ဆောင်ထားတဲ့ money market mutual funds တွေ မပါဝင်ပါဘူး။
အထက်ပါအမျိုးအစား (၃)ခုစလုံးဟာ ငွေဖြစ်လွယ်ဖို့ တော်တော်တန်တန် ခက်ပါတယ်။
Money M2 = M1 + saving deposits + time deposits + MMMFs held by individuals |
အချုပ်ပြောရရင် M2 ထဲမှာ ချက်ခြင်း ကြားခံဖလှယ်ရေးကိရိယာ အဖြစ် ပြုလုပ်နိုင်တဲ့ ငွေစက္ကူ၊ ငွေအကြွေ၊ နဲ့စာရင်းရှင်အပ်ငွေများ ပါဝင်ဖွဲ့စည်းထားတဲ့ M1 နဲ့ တကွ အဲဒီ ငွေစက္ကူ၊ ငွေအကြွေနဲ့ စာရင်းရှင် အပ်ငွေများအဖြစ် သို့ ပြောင်းလဲနိုင်တဲ့ near monies များ ပါဝင်ပါတယ်။
ဖတ်ရှုပြီး အကျိုးများနိုင်ပါစေ......။
မိုးမြန်မာ
အလုပ်လက်မဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းနှင့် အနာဂတ်ကာလအခြေအနေ
Labels:
Macroeconomics
No comments:
အခုအလုပ်လက်မဲ့အခြေအနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေမှာရှိတဲ့ production possibilities model နဲ့ လက်ရှိ ကာလ ရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အနာဂတ် production possibilities curve များ အကြောင်း ရေးသား မှာဘဲ ဖြစ်ပါတယ်....။
(၁) အလုပ်လက်မဲ့ပြဿနာ
၁၉၃၀ ခုနှစ်များတဝိုက်က စီးပွားပျက်ကပ် (Great Depression) မှာ အမေရိကန်နိုင်ငံအပါအဝင် တိုင်းပြည် များမှာ အလုပ်လက်မဲ့ ပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ကြရတယ်။ နောက်ပိုင်း ကာလ တွေမှာလဲ စီးပွားရေး ကျဆင်းမှု (recession) နဲ့တကွ အလုပ်လက်မဲ့ ပြဿနာကို မကြာခဏ တွေ့ခဲ့ကြ ရတယ်။ အဲဒီအခါမှာ production possibilities model က ဘယ်လိုရှိမလဲ ဆိုတာ လေ့လာပါမယ်။ ကျွန်မတို့က ပထမတုံးက resources တွေကို fully employed လုပ်တယ်ဆိုတဲ့ assumption ကို ထားခဲ့ တယ်..။ အခု အဲဒါကို ဖြုတ်လိုက်မယ်။ အလုပ်လက်မဲ့ unemployment ဖြစ်ပြီဆိုရင် တိုင်းပြည်ရဲ့ အခြေအနေဟာ production possibilities curve အတွင်းက အမှတ် U မှာ ရှိတယ်။ တိုင်းပြည်က ကုန်စည် ၂ မျိုးစလုံးကို လျှော့ပြီးထုတ်ရတာကို ပြောတာပါ။
တိုင်းပြည်က သူ့ရဲ့ labor တနည်းအားဖြင့် resources ၊ factors of production ထဲက တစ်ခုကို အပြည့် အဝ အသုံး မချရဘူး။ production possibilities curve ပေါ်က အမှတ်တွေဖြစ်တဲ့ ကုန်စည် ၂ မျိုး စလုံးကို အများဆုံးထုတ်လုပ်နိုင်တဲ့ အတွဲတွေထက် နိမ့်ကျနေပြီဖြစ်တယ်။ Full employment ရအောင် ပြန်လုပ်ရမယ် ဆိုတာကို အပေါ်ကပုံမှာရှိတဲ့ မြှားတွေက ညွှန်ပြနေတယ်။ Full employment ဘက်ကို ရွှေ့လာခြင်းဖြင့် ကုန်စည် ၂ မျိုးလုံး သို့မဟုတ် ၁ မျိုးရဲ့ ထွက်ကုန်တွေဟာ တိုးလာပါတယ်။
(၂) စီးပွားရေးတိုးတက်မှုနှုန်း
တကယ်လို့ တိုင်းပြည်က စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုရင် resources တွေရဲ့ အရည်အသွေးနဲ့ အရေအတွက် ပမာဏကို ပုံသေထားထားတဲ့ assumption ကို ဖယ်ထုတ်လိုက်မယ်။ အဲလိုဆိုရင် production possibilities curve ရဲ့အနေအထားက ရွေ့သွားမယ်။ တိုင်းပြည်ရဲ့ အများဆုံး ကုန်ထွက် အလားအလာဟာလဲ ပြောင်းလဲသွားမယ်။
တိုင်းပြည်တစ်ခုမှာ ရနိုင်တဲ့ သယံဇာတအရင်းအမြစ်တွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ဥပမာ အားဖြင့် တိုင်းပြည်မှာ လူဦးရေ တိုးလာတာဟာ labor ပမာဏနဲ့ entrepreneurial ability ကိုတိုးလာစေတယ်။ labor တွေရဲ့ အရည်အသွေးဟာလဲ ပညာထပ်သင်တာတို့၊ သင်တန်းစတာတွေ ကတစ်ဆင့် အချိန်နဲ့အမျှ တိုးတက်နေတယ်.. တိုင်းပြည်ရဲ့ capital ပမာဏဟာလဲ တည်ငြိမ်မှု မရှိပေမဲ့ တိုးတက်နေတယ်.. တချို့သော စွမ်းအင်နဲ့ ဓာတ်သတ္တု သယံဇာတတွေ ကုန်ခမ်းပြုန်းတီးသွား လဲ နောက်ထပ် အသစ်အသစ် သယံဇာတတွေကို ရှာတွေ့ပြန်တယ်။ ဥပမာ ဆည်မြောင်း တာတမံတွေ တည်ဆောက် တာဟာ သီးနှံစိုက်ပျိုးဖို့ ဆည်ရေသောက် မြေဧရိယာတွေ တိုးတက်လာတယ်..
အဲဒီလို factors of production တွေတိုးတက်လာခြင်းရဲ့ အကျိုးအမြတ်ကတော့ consumer goods ရော၊ capital goods ၂ မျိုးစလုံးကို ပိုမိုထုတ်လုပ်လာနိုင်တယ်။ ဒါကြောင့် အခုကနေ နောင်အနှစ် ၂၀ အကြာမှာ တိုင်းပြည်ရဲ့ production possibilities ဟာ အောက်ပါဇယားထဲက အတိုင်း ဖြစ်လာ နိုင်တယ်..
Type of Product | Production Alternatives | ||||
A' | B' | C' | D' | E' | |
Pizzas (in hundred thousands) | 0 | 2 | 4 | 6 | 8 |
Robots (in thousands) | 14 | 12 | 9 | 5 | 0 |
တိုင်းပြည်ရဲ့ သယံဇာတတွေ ကြွယ်ဝလာတာဟာ alternative တစ်ခုစီမှာရှိတဲ့ ကုန်စည် ၂ ခုလုံး သို့မဟုတ် ၁ ခုရဲ့ ထွက်ကုန်အလားအလာကို ပိုမိုတိုးတက်လာစေတယ်။ တိုင်းပြည်ဟာ ထွက်ကုန်တွေ တိုးတက်လာ တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရရှိတယ်။ အဲဒီလို တိုင်းပြည်ရဲ့ resources တွေရဲ့ အရည်အသွေး၊ အရေအတွက် တိုးတက်လာတဲ့အခါ production possibilities curve ဟာ အပြင်ဘက်၊ ညာဘက်ကို ရွှေ့သွားတယ်။ အောက်ကပုံမှာ တွေ့နိုင်ပါတယ်။
ပုံထဲမှာ အတွင်း curve ကနေ A' B' C' D' E' curve ကို ရွေ့သွားတာကို ပြထားပါတယ်.. ဒီလိုမျိုးရွေ့သွားတာဟာ စီးပွားရေးလုပ်ဆောင်နိုင်မှုစွမ်းအား တိုးတက်နှုန်းကို ပြပါတယ်။ တနည်းအားဖြင့် ထွက်ကုန် တွေတိုးလာတာ.. economic growth ကိုရရှိတာဖြစ်ပါတယ်။
နောက်တစ်ခါ နည်းပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကုန်စည်အသစ်တွေ၊ ပိုကောင်းတဲ့ ကုန်စည်တွေနဲ့ အဲဒီ ကုန်စည်တွေကို ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေ ကို ဖြစ်စေပါတယ်.. တနည်းပြောရရင် နည်းပညာ တိုးတက်မှုကြောင့် ကုန်စည်ထုတ်လုပ်မှု နည်းလမ်း တိုးတက်ပြီး ထွက်ကုန်တွေတိုးတက်ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ရရှိစေပါတယ်။ ဥပမာအားဖြင့် ထုတ်လုပ်မှု စီမံကိန်းရေးဆွဲဖို့နဲ့ ကုန်လက်ကျန်ကို စီမံခန့်ခွဲဖို့ computerized system ကို စတင် မိတ်ဆက် လိုက်တယ်ဆိုပါစို့။ ဒီလိုလုပ်ခြင်းဖြင့် အရှေ့က ဆောင်းပါးတွေမှာ ရေးသားခဲ့တဲ့ society သည် ရရှိနိုင် သမျှ သော resources တွေနဲ့ ကုန်စည်အများဆုံး ထုတ်လုပ်နိုင်ရန် ရွေးချယ်ရတဲ့ economizing problem ကို ပြောင်းလဲသွားစေတယ်။ resources တွေ တိုးတက်လာတာ၊ နည်းပညာတွေ တိုးတက် လာတာဟာ ပီဇာကိုရော၊ စက်ရုပ်ကိုရော များများ ထုတ်လုပ်လာနိုင်ပါတယ်။
လက်တွေ့ဥပမာပြရရင် ကွန်ပြူတာတွေ၊ ဆက်သွယ်ရေး၊ biotechnology နဲ့ပတ်သက်တဲ့ နည်းပညာတွေ အရမ်းကို တိုးတက်လာတဲ့အတွက် ကွန်ပြူတာဈေးနှုန်းတွေကျသွားသလို ကွန်ပြူတာတွေ ရဲ့ speed ကလဲ အရမ်းကောင်းလာတယ်။ တိုးတက်လာတဲ့ software တွေကလဲ ကွန်ပြူတာကို နေ့စဉ် အသုံးပြုမှုကို ပိုမိုတိုးတက်စေတယ်။ ဆယ်လူလာဖုန်းတွေ၊ အင်တာနက် စတာတွေကလဲ ဆက်သွယ်ရေး ဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေကို တိုးတက်လာစေတယ်.. ဈေးကွက်တွေရဲ့ ထိရောက်မြန်ဆန်မှုတွေ၊ ထုတ်လုပ်မှုတွေ တိုးတက်လာတယ်.. biotechnology မှာတိုးတက်မှုသည်လဲ အရေးကြီးတဲ့ စိုက်ပျိုးရေး ဆိုင်ရာ၊ ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေကို ဖြစ်စေတယ်။
အချုပ်ပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းသည် (၁) resources ပမာဏတွေ တိုးတက်လာခြင်း၊ (၂) resources တွေ ရဲ့ အရည်အသွေးတွေ တိုးတက်လာခြင်း၊ (၃) နည်းပညာတွေတိုးတက်လာခြင်း တို့ကြောင့် ဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးဆက် ကတော့ full employment ရှိတဲ့ တိုင်းပြည်တွေ သည် consumption goods ရော၊ capital goods ရော ၂ မျိုးစလုံး ကို ပိုမိုပြီးထုတ်လုပ်လာနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ တိုင်းပြည်တွေကတော့ ကုန်စည်တစ်ခုကို ပိုလိုချင်ရင် ကျန်တစ်ခုကို ပိုပြီးစွန့်လွှတ် ရပါတယ်။
(၃) ယခုကာလရွေးချယ်မှုနှင့် အနာဂတ်ကာလ ဖြစ်နိုင်ချေအခွင့်အလမ်းများ
production possibilities curve ပေါ်မှာရှိတဲ့ တိုင်းပြည်တစ်ခုရဲ့ လက်ရှိကာလ ရွေးချယ်မှု အနေအထား သည် အနာဂတ် ကာလမှာရှိမဲ့ curve ရဲ့ အနေအထားကို ဆုံးဖြတ်ပေးပါတယ်။ production possibilities curve ရဲ့ဝင်ရိုး ၂ ခုမှာ goods for the future နဲ့ goods for the present ကို ထားကြည့်ရအောင်။ အနာဂတ်အတွက် ကုန်စည်တွေကို capital goods တွေ၊ သုတေသနနဲ့ပညာရေး၊ တီထွင်ထုတ်လုပ်ထားတဲ့ဆေးဝါး အဲလိုမျိုး ကုန်စည်တွေထားမယ်.. လက်ရှိကာလအတွက်ကို အစားအစာ၊ အဝတ် အထည်၊ ဖျော်ဖြေမှုဆိုင်ရာပစ္စည်း စတာတွေ ထားပါမယ်။ အနာဂတ်အတွက်ကုန်စည်တွေသည် resources တွေရဲ့ အရည်အသွေး၊ အရေအတွက်ကို တိုးပွားစေတယ်။ နည်းပညာဆိုင်ရာ အချက် အလက်တွေ ရဲ့ပမာဏကို တိုးပွားစေတယ်။ လူသားအရင်း အမြစ်တွေရဲ့ စွမ်းရည်ကိုလဲ တိုးတက်စေ တယ်.. အရှေ့မှာ သိခဲ့တဲ့အတိုင်း အနာဂတ် ကုန်စည်တွေဟာ economic growth ကို ဖြစ်စေတဲ့ ပစ္စည်းတွေဘဲ ဖြစ်ပါတယ်။
အခု Presentville နဲ့ Futureville ဆိုတဲ့ တိုင်းပြည် ၂ ခုကို စိတ်ကူးနဲ့ တည်ဆောက်ကြည့်မယ်။ သူတို့ ၂ခုဟာ အစ ပထမမှာ အတူတူဘဲ။ ဘာပဲကွာသလဲဆိုရင် Presentville ရဲ့လက်ရှိ ကာလ ရွေးချယ်မှုက future goods ထက် present goods တွေကို ဦးစားပေးရွေးချယ်တယ်။ X ဝင်ရိုးပေါ် မှာ present goods နဲ့ Y ဝင်ရိုးပေါ်မှာ future goods တွေ ရှိတယ်။

Presentville တိုင်းပြည်ရဲ့ Production possibilities curve ပေါ်မှာ ရှိတဲ့ အမှတ် P ဟာ လက်ရှိကာလ ကုန်စည်တွေကို ဦးစားပေး ရွေးချယ် တဲ့အတွက် curve ရဲ့ ညာဘက် အောက်ဖက်နားမှာရှိ တယ်။ သူက အနာဂတ် ကုန်စည်တွေကို နဲနဲဘဲထုတ်မယ်။ တစ်ခါ Futureville တိုင်းပြည်မှာတော့ လက်ရှိကာလ ရွေးချယ်မှုက အနာဂတ် ကုန်စည်တွေ ကို များများရွေး ထုတ်လုပ်ပြီး လက်ရှိကာလ ကုန်စည်တွေကို နည်းနည်းဘဲ ထုတ်လုပ်မယ်။ သူ့ရဲ့ production possibilities curve ပေါ်မှာ ရှိတဲ့ အမှတ် F ဟာ curve ရဲ့အပေါ်ဖက် ဘယ်ဘက်နား မှာရှိတယ်။
အခု other things equal လို့ယူဆရင် Futureville တိုင်းပြည်ရဲ့ အနာဂတ် production possibilities curve ဟာ Presentville တိုင်းပြည်ရဲ့ အနာဂတ် production possibilities curve ထက် အများကြီး ပိုကျယ် သွားတာ ကိုတွေ့ရတယ်။ အခု လက်ရှိ ကာလမှာ နည်းပညာ တိုးတက်မှုကို အားပေးတဲ့၊ resources တွေရဲ့ ပမာဏနဲ့ အရည်အသွေးကို တိုးတက် ပွားများစေတဲ့ ကုန်စည်တွေကို ရွေးချယ် ထုတ်လုပ်ခြင်း ဖြင့် Futureville တိုင်းပြည်သည် Presentville တိုင်း ပြည် ထက် economic growth ကို ပိုမိုရရှိပါတယ်။ တနည်းပြောရရင် Futureville တိုင်းပြည်သည် Presentville တိုင်းပြည်ထက် capital goods ထွက်ကုန် တွေ ပိုရအောင် ရင်းနှီးမြှုပ်နှံထားတယ်။ Futureville တိုင်းပြည်က ဒီလို မျိုးရွေးချယ် တဲ့အတွက် အနာဂတ် ကာလမှာ ပိုမိုများတဲ့ ထွက်ကုန်နဲ့ economic growth ကိုရရှိတာဖြစ်ပါတယ်။ လက်ရှိကာလမှာ opportunity cost အနေနဲ့ စားသုံး ကုန်စည်တွေ နဲနဲဘဲ ထုတ်ပါတယ်။ ဘယ်တိုင်းပြည်က ပိုကောင်းသလဲ ဆိုတာတော့ ပြောလို့မရပါဘူး။ ကွဲပြားတဲ့ ရလာဒ် ၂ ခုသည် တိုင်းပြည် ၂ ပြည်ရဲ့ ကွဲပြားတဲ့ နှစ်သက်မှု ၊ ကွဲပြားတဲ့ ရွေးချယ်မှုကို ပြပါတယ်။ သို့သော် တိုင်းပြည် တစ်ခုစီ ကတော့ သူတို့ရွေးချယ်လိုက်တဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်အတိုင်းဘဲ နေထိုင် သွားရမှာ ဖြစ်ပါတယ်။
production possibilities analysis ဟာ တိုင်းပြည်တစ်ခုစီကို production possibilities curve က ညွှန်ပြ ထားတဲ့ ထွက်ကုန်အတွဲတွေနဲ့ ကန့်သတ်ထားတာကို ပြပါတယ်။ ဒါပေမဲ့ ဒီလို ကန့်သတ်ထား တာ ကို International specialization နဲ့ trade တို့က ပြင်ဆင်ပေးပါတယ်။
International specialization ဆိုတာကတော့ ပြည်တွင်းသယံဇာတတွေနဲ့ တိုင်းပြည်က ပိုပြီး ထိထိရောက်ရောက် ထုတ်လုပ်နိုင်တဲ့ ကုန်စည်ကို ဇောက်ချ ထုတ်လုပ်တာပါ။ အဲလို အထူးပြုထုတ်ထား တဲ့ ကုန်စည်ကို ပြည်ပနိုင်ငံက ဇောက်ချ ထုတ်လုပ်ထားတဲ့ ကုန်စည်တွေနဲ့ လဲလှယ်ကြတာဟာ အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေး International trade ဖြစ်ပါ တယ်။ ဇောက်ချ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး ဟာ တိုင်းပြည်တစ်ပြည် အနေနဲ့ အခြားကုန်စည်တစ်ခုကို နည်းနည်းဘဲ စွန့်လွှတ် ရပြီးတော့ ကိုယ်လိုချင်တဲ့ ကုန်စည်ကို များများ ရစေပါတယ်။ ပီဇာ ၃ ယူနစ် ရဖို့ စက်ရုပ် ၃ ယူနစ်ကို စွန့်လွှတ်ရမဲ့အစား စက်ရုပ် ၂ ယူနစ်ကို ကုန်သွယ် လိုက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ specialization နဲ့ trade ဟာ resources တွေ များပြား ကောင်းမွန် လာတာနဲ့ နည်းပညာတွေ တိုးတက်လာတာလိုဘဲ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ society အတွက် consumer goods ရော၊ capital goods ပါ ၂ မျိုးစလုံး တိုးတက် ရရှိစေပါတယ်.. ပြည်တွင်း production possibilities ကို ကြီးမားအောင်၊ တိုးချဲ့အောင် လုပ်တာရယ်၊ အခုပြောတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးရယ်ဟာ တိုင်းပြည် ထွက်ကုန် တိုးပွားစေတဲ့ လမ်းကြောင်း ၂ မျိုး ဘဲ ဖြစ်ပါ တယ်.. နောင်အခါမှဘဲ international trade ကို ရေးသားပါမယ်..။
McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။
မြတ်မိုးမိုး
Subscribe to:
Posts (Atom)